ဖမ်းထားတဲ့ ထွေ/အုပ်ဝန်ထမ်းလေးဦးကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ NUG ထုတ်ပြန်

RFA Burmese
2023.01.17
ဖမ်းထားတဲ့ ထွေ/အုပ်ဝန်ထမ်းလေးဦးကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ NUG ထုတ်ပြန် လူဦးရေစာရင်းကောက်နေသည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းလေးဦးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့သည်ကို တွေ့ရစဉ်။
MOHAI

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ လူဦးရေစာရင်းကောက်နေချိန် ဖမ်းမိတဲ့ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်း လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီ ထွေ/အုပ်ဝန်ထမ်းလေးဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က မြောင်လမ်းခွဲနဲ့ မြောင်မြို့ကြားမှာ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ဖမ်းဆီးခဲ့တာလို့ အဲဒီအဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"တရားခံတွေကို ကျနော်တို့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ဖမ်းဆီး ထိန်းသိမ်းပြီးတာနဲ့ စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အပ်နှံလိုက်ပါတယ်ဗျ"

ဖမ်းဆီးထားတဲ့ အထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးပါဝင်ပြီး သူတို့ရဲ့ နာမည် တွေနဲ့ ရာထူးတွေကိုတော့ လုံခြုံရေးအရ ပြောလို့မရသေးဘူးလို့ အဲဒီလေးဦးကို စစ်ဆေး နေတဲ့ မြောင်မြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

"MOD (ကာကွယ်ရေးဝန်ကြီးဌာန) ညွှန်ကြားချက်အတိုင်း လုပ်ရမှာပေါ့။ အရေးယူတာ ကတော့ ကျနော်တို့ လူသားချင်းစာနာတဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ကြီး မလုပ်ပါဘူး။ သူတို့က ပြည်သူနဲ့ ပူးပေါင်း မယ်ဆိုရင်တော့ ကျနော်တို့က အေးအေးဆေးဆေးပါပဲဗျာ။ သူတို့ကလည်း ပူးပေါင်းမယ်လို့ ပြောပါတယ်ဗျာ"

လက်ရှိ အဲဒီလေးဦးစလုံးကို လုံခြုံစိတ်ချတဲ့နေရာတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ လူဦးရေစာရင်းတွေကို နိုင်ငံအနှံ့မှာ ကောက်ခံနေပါတယ်။

ဒီအပေါ် မပူးပေါင်းဖို့နဲ့ စာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူ မယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှာပဲ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ လူဦးရေ စာရင်းလိုက်ကောက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် လေးဦးကို သထုံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2023-01-21 17:32

"MOD (ကာကွယ်ရေးဝန်ကြီးဌာန) ညွှန်ကြားချက်အတိုင်း လုပ်ရမှာပေါ့။ အရေးယူတာ ကတော့ ကျနော်တို့ လူသားချင်းစာနာတဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ကြီး မလုပ်ပါဘူး။ သူတို့က ပြည်သူနဲ့ ပူးပေါင်း မယ်ဆိုရင်တော့ ကျနော်တို့က အေးအေးဆေးဆေးပါပဲဗျာ။ သူတို့ကလည်း ပူးပေါင်းမယ်လို့ ပြောပါတယ်ဗျာ"

Anyone can say that once they get captured. Don't buy into that. This is no different from a thief saying he did not steal once captured.