တကောင်းနီကယ်စက်ရုံကို သိမ်းယူပြီး လုံခြုံရေးပေးထားကြောင်း NUG ပြော
2024.08.01
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားပြီး လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
စက်ရုံမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ချသွားတာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
"တကောင်းနီကယ်စက်ရုံက စကစ တပ်ဖွဲ့ဝင်တွေက ကျွန်တော်တို့ PDF တွေဆီမှာ လက်နက်ချဖို့အတွက် ကမ်းလှမ်းတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်ကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ PDF တွေအနေနဲ့ အကြမ်းဖက်စစ်သားတွေ လက်နက်ချမှုကို လက်ခံပြီးတော့ သူတို့ထွက်ခွာဖို့ကို စီစဉ်ပေးခဲ့တယ်"
တကောင်းနီကယ်စက်ရုံဟာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction က အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်အချိန်က အသိအမှတ်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရကနေ ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုတွေသာမက တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားလုံးကို အကာအကွယ်ပေးသွားလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။
"ကျွန်တော်အစိုးရမူဝါဒက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို တရားဝင်ရင်နှီးမြှုပ်နှံမှုလုပ်ထားတဲ့ဟာတွေကို အသိအမှတ်ပြုတယ်၊ ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပေးဖို့ မူဝါဒရှိတယ်လို့ ကြေညာထားပြီးသား ရှိပါတယ်"
တကောင်းနီးကယ်စက်ရုံကို ဆက်လက် ပုံမှန်လည်ပတ်နိုင်ဖို့အတွက်လည်း NUG လက်အောက်ခံ PDF တွေက လုံခြုံရေးဆောင်ရွက်ပေးနေသလို တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ စက်ရုံတွေ၊ အလုပ်တွေမှာ တပ်စွဲပြီး အကြမ်းဖက်တာတွေလုပ်နေသလို အဲနေရာတွေမှာ တိုက်ပွဲတွေဖော်ဆောင်ပြီး ရှုံးနိမ့်တဲ့အခါမှာလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်လေ့ရှိတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
တကောင်းနီကယ်စက်ရုံရှိ စစ်ကောင်စီတပ်သားတွေ လက်နက်ချတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Alpha ဘိလက်မြေစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။