ဝန်းသိုက စာသင်ကျောင်းတိုက်ခိုက်ခံရမှု NUG ရှုတ်ချ
2023.10.02
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာ ခန္တီဝံသာရာမကျောင်းတိုက်အတွင်းက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဝန်းသိုမြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၁၂၀က စက်တင်ဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲမှာ လက်နက်ကြီးနဲ့သုံးကြိမ် ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကျည်ဟာ ကျေးရွာအခြေပြုပညာရေးစာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆရာမတစ်ဦးနဲ့ ကလေးငယ်၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး ကလေးငယ်တွေ လွတ်လပ်စွာပညာသင်ကြားခွင့်၊ အသက်ရှင်ခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တွေကို ချိုးဖောက်တာဖြစ်လို့ အမိန့်ပေးသူတွေနဲ့ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဒဏ်ရာရတဲ့ကလေးငယ်တွေ ပြန်လည်သက်သာလာပေမဲ့ စာသင်ကျောင်းကိုတော့ ပိတ်ထားရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကလေးတွေကတော့ သက်သာနေပါပြီ။ အဲဒီနေ့နောက်ပိုင်း လက်နက်ကြီးနဲ့ ပြန်ပစ်တာတော့မရှိဘူး။ ဒါပေမဲ့ ကြောက်နေရသေးတာကြောင့် ကျောင်းကတော့ ပိတ်ထားတုန်းပဲ”
စာသင်ကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံတစ်ဝန်းမှာ NUG က စာသင်ကျောင်း ၅၀၀၀ ကျော်ဖွင့်လှစ်ထားပြီး အဲ့ဒီကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသား ခုနစ်သိန်းခွဲကျော်နဲ့ ဆရာ၊ဆရာမ ခြောက်သောင်းကျော်ရှိတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ NUG နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။