ထိန်းချုပ်နယ်မြေတွေမှာ အကူအညီပေးနိုင်ရေး NUG နဲ့ အမေရိကန် ဆွေးနွေး

2024.08.16
ထိန်းချုပ်နယ်မြေတွေမှာ အကူအညီပေးနိုင်ရေး NUG နဲ့ အမေရိကန် ဆွေးနွေး NUG ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တစ်နေရာရှိ ဆွမ်းလောင်းပွဲတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
ကိုလူချော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကူအညီပေးနိုင်ရေးအတွက် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ တွမ်ဆူလီဗန် (Tom Sullivan) တို့ ဩဂုတ်လ ၁၅ ရက်နေ့က အွန်လိုင်းကတစ်ဆင့် တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် က RFA ကို ပြောပါတယ်။

ဒီတွေ့ဆုံမှုမှာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေသာမက လူကို သေစေနိုင်ခြင်းမရှိတဲ့အရာတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မဲ့ကိစ္စတွေပါ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“အဓိက ဆွေးနွေးခဲ့တဲ့အထဲမှာ စစ်အုပ်စုကို ဘယ်လိုဆက်လက်ဖိအားပေးနိုင်မလဲ ဆွေးနွေးခဲ့တာရှိတယ်။ ပြီးတော့ Burma Act အရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ကူညီမယ်ဆိုတာလည်း ရှိခဲ့တော့လေ အဲဒီအနေအထားတွေမှာ ဒီလူသားချင်းစာနာထောက်ထားရေး ကိစ္စတွေတင်မကဘူး။ non-lethal assistance ဆိုတာမျိုးတွေကအစပေါ့နော်၊ ဘယ်လို ထိထိရောက်ရောက် ပံ့ပိုးနိုင်မလဲဆိုတဲ့ ကိစ္စတွေလည်း ဆွေးနွေးခဲ့တာရှိပါတယ်”

ဒီ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှုပေးရေးနဲ့ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ အမေရိကန်အစိုးရက တိုက်ရိုက်အကူအညီပေးနိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ Twitter ခေါ် X လူမှုကွန်ရက်စာမျက်နှာမှာတော့ အခုလို တွေ့ဆုံရာမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍတွေ တိုးတက်ရေး အမေရိကန်အစိုးရရဲ့ တိုက်ရိုက်ထောက်ပံ့ကူညီမှုတွေ တိုးချဲ့နိုင်ဖို့ ကတိကဝတ်ကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

လက်ရှိမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ ပေါင်း ၇၅ မြို့ကို ထိန်းချုပ်ထားပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း K3C လို့ အမည်ပေးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ နဲ့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်တို့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံသားတွေအတွက် လုံခြုံစိတ်ချပြီး ကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်နိုင်ဖို့ နိုင်ငံတကာအကူအညီတွေ ဘယ်လိုတိုးပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။