ပြည်ပရောက် NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာဖို့ ယာယီသမ္မတပြော
2024.11.26
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအနေနဲ့ အဝေးရောက်အစိုးရအဖြစ် ဆက်ရှိနေလို့မရတော့ဘဲ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းက ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
“ကျွန်တော်တို့ NUG အစိုးရက အဝေးရောက်အစိုးရ ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင်တွေကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်”
အရင်လို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ ဖောက်ထွက်စဉ်းစားပြီး လက်တွေ့ကျကျ စဉ်းစားဆောက်ရွက်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်ရဲ့ ဖိအားနဲ့ လွှမ်းမိုးမှုတွေရှိနေပြီး စစ်ကောင်စီအနေနဲ့လည်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဒါကို လျစ်လျူရှုလို့မရသလို ဒီအခြေအနေကနေ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စဉ်းစားဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။