ဆေးရုံ၊ ဆေးခန်းပေါင်း ၃၅ဝ နီးပါး စစ်ကောင်စီဖျက်ဆီးခဲ့ကြောင်း NUG ထုတ်ပြန်
2024.04.28
အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၈ ရက် ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၂၅ ရက် ပြီးခဲ့တဲ့ကြာသပတေးနေ့ညပိုင်းမှာလည်း ချင်းပြည်နယ် မင်းတပ်မြို့က ဝမ္မသူးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနာလေးဦးနဲ့ လူနာစောင့်တစ်ဦး စုစုပေါင်း ငါးဦးသေဆုံးသွားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ NUG ကပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ၊ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းလိုက်နာရမဲ့ ဂျီနီဗာကွန်ဗန်းရှင်းပါ သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း ထောက်ပြထားပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ ဆေးရုံ၊ဆေးခန်းတွေအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီဟာ အကြိမ်ပေါင်း ၁၃ဝဝ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Insecurity Insight)ရဲ့ အချက်အလက်တွေကို NUG က ကိုးကားဖော်ပြပါတယ်။
ကျန်းမာရေးဝန်ထမ်းပေါင်း ၁ဝ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၃၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ သေဆုံးသွားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရားမျှတရေး ဖော်ဆောင်သွားဖို့ ကတိပေးတယ်လို့လည်း NUG က ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်သိနိုင်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။