စစ်ကောင်စီတပ်သား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG ပြော

RFA Burmese
2023.06.03
စစ်ကောင်စီတပ်သား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG ပြော ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အခြေစိုက် အမှတ် ၅၃၀ ခြေမြန်တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား သုံးဦးအား NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေစဉ်။
Ministry of Defence (NUG)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အခြေစိုက် အမှတ် ၅၃၀ ခြေမြန်တပ်ရင်းက လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား သုံးဦးကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁၀၀၆ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကို ဖမ်းမိခဲ့တာဖြစ်ပြီး လိုအပ်တာတွေကို မေးမြန်းစစ်ဆေးနေတယ်လို့ NUG က ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ထိခိုက်ကျဆုံးမှုတွေများလာတာ၊ အနားမရတာ၊ နောက်တန်းဌာနချုပ်တွေမှာ လုံခြုံမှုမရှိတော့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ကိုစွန့်ခွာထွက်ပြေးမှုတွေ များနေတယ်လို့လည်း NUG က ပြောထားပါတယ်။

အခုနောက်ပိုင်း တိုက်ပွဲတွေများလာတာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးတာများလာတာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

" အရင်ကတော့ ပြည်သူ့ရင်ခွင် ခိုလှုံရေးကော်မတီဆိုတာရှိတယ်လေ အဲကော်မတီနဲ့ ချိတ်ဆက်ပြီး ထွက်လာကြတာများတယ်၊ အခုနောက်ပိုင်း တိုက်ပွဲတွေ အရှိန်မြှင့်လာတဲ့အခါကျတော့ ကျွန်တော်တို့ အောက်‌ခြေတပ်ရင်း၊ တပ်ဖွဲ့တွေဆီကို ခိုလှုံလာတာ ပိုများလာတာပေါ့နော်၊ ခိုလှုံလာတဲ့သူတွေကို အောက်ခြေမှာ အရင်ဆုံးစိစစ်မေးမြန်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံရေးအကောင်အထည်ဖော်မှုကော်မတီကို တင်ပြတာပေါ့နော်၊ အောက်ခြေက တစ်ချို့သတင်းတွေကျတော့ ကျွန်တော်တို့ဆီ မရောက်သေးတာလည်းရှိတယ် "

စစ်ကောင်စီတပ်သားတွေ ထွက်ပေးတာ များလာတာနဲ့ ဖယ်ခုံမှာ တပ်သား သုံးဦး ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် အမှတ် ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား တစ်ဦး စစ်လက်နက်ပစ္စည်းတွေနဲ့အတူ PDF-Zoland ထံ ဝင်ရောက်ခိုလှုံခဲ့ပါသေးတယ်။ အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ MA-1 သေနတ်တစ်လက်၊ ကျည်အိမ် လေးခုနဲ့ ကျည် ၂၆၀ ကျော်ယူလာပြီး ထွက်ပြေးလာတာဖြစ်ပါတယ်။

လက်နက်တွေနဲ့ ရောက်လာတဲ့ တပ်သားကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း PDF-Zoland က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်းလေးထောင်လောက်ကို NUG အစိုးရက ကူညီထောက်ပံ့ပေးထားကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

အဲ့ဒီသူတွေအပြင် NUG နဲ့ မချိတ်ဆက်ရသေးသူတွေတွေလည်း အောက်ခြေမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။