စစ်ကောင်စီရဲ့လက်နက်ကိုင်ဆောင်ခွင့် NUG ဝန်ကြီးချုပ်ဝေဖန်

RFA Burmese
2023.02.16
စစ်ကောင်စီရဲ့လက်နက်ကိုင်ဆောင်ခွင့် NUG ဝန်ကြီးချုပ်ဝေဖန် ၂ဝ၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်သည့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ(MCIS-2021) တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့် မူကို ထုတ်ပြန်လိုက်တဲ့အတွက် ပြည်သူကို ပိုပြီး အကာအကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာ အွန်လိုင်းကနေ ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

“အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အခြေအနေကို သူတို့ထိန်းချုပ်လို့မရတော့မှန်း သိလာတဲ့အခါ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနဲ့တိုင်းပြည်ကို ကစဉ့်ကလျား ဖြစ်အောင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်ပြီး ပြည်သူများအကြားမှာ စိတ်နှလုံးမငြိမ်းချမ်းရအောင် ပိုပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူကို ပိုပြီးအကာအကွယ်ပေးနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားကြရတော့မှာ ဖြစ်ကြောင်း” ပြောဆိုပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အင်စတီကျု တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံအတွင်းက ပြည်သူတွေ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ပေါ့နော်။ အဲဒီလို တပ်ဆင်ပေးတယ်လို့ ယူဆပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဥပဒေနဲ့အညီ ကိုင်ဆောင်ခွင့် ပေးတာတွေ ရှိတယ်ပေါ့လေ။ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေလည်း ရှိပြီးသားပေါ့နော်။ ဒီအမိန့်ထွက်လာတာကတော့ ဒါဥပဒေနဲ့အညီပဲ ကိုင်ဆောင်ခွင့် ပေးမယ်လို့ ယူဆရပါတယ်။ စနစ်တကျနဲ့ ကိုင်ဆောင်ခွင့်ရအောင် နိုင်ငံတော်က လုပ်ပေးတယ်လို့ မြင်ပါတယ်။”

စစ်ကောင်စီက လိုင်စင်နဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက်အမျိုးအစား ငါးခုရှိပြီး ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ အဲဒီထက် အဝငယ်တဲ့ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်၊ လေသေနတ်တွေ ပါဝင်ပါတယ်။

လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူဟာ နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်သူ၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်ရေးကို အနှောင့်အယှက်မပြုသူ၊ အရေးယူ မခံရဖူးသူ၊ စိတ်ပေါ့သွပ်သူ မဖြစ်ရဘူးလို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။