စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ထိုင်ဝမ်နဲ့ ဂျပန်ကို NUG တောင်းဆို

RFA Burmese
2023.04.04
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ထိုင်ဝမ်နဲ့ ဂျပန်ကို NUG တောင်းဆို နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
AFP

အုပ်ချုပ်မှုတရားဝင်စေဖို့ရည်ရွယ်ချက်နဲ့ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဂျပန်နဲ့ ထိုင်ဝမ်အပါအဝင် အာရှဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၈၉ ရာခိုင်နှုန်း အနိုင်ရခဲ့တာဖြစ်ပါတယ်။

NLD ပါတီကိုဖျက်သိမ်းချန်လှပ်ထားခဲ့ရင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယုကတော့ NUG အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ပါတီတွေ ဖျက်သိမ်းလိုက်တာဟာ စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အလွန် မှားယွင်းနေတယ်ဆိုတာ ထပ်မံပြသလိုက်တာဖြစ်ပြီး တကယ်လို့ အဲဒီ ရွေးကောက်ပွဲ ကျင်းပဖြစ်ရင်တောင် မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ကိုယ်စားပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဂျာမဏီနိုင်ငံကလည်း အခုလိုအခြေအနေမျိုးမှာ အတိုက်အခံအဖွဲ့တွေကို ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ရင် တရားမျှတမှုနဲ့ လုံခြုံမှုရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ထိုင်ဝမ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့လို အာရှဒီမိုကရေစီနိုင်ငံတွေအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့အုပ်ချုပ်မှု တရားဝင်ဖြစ်စေရေးအတွက် ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို အတူအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ကြဖို့ နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပြုရေး အင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်တဲ့ မားကပ်စ် ဘရန်ဒ် (Marcus Brand) က ပြောကြားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။