ရိုဟင်ဂျာတွေကို တောင်းပန်ကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူပြော

2022.09.14
ရိုဟင်ဂျာတွေကို တောင်းပန်ကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူပြော အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တချို့အား ၂ဝ၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ရိုဟင်ဂျာတွေကို တောင်းပန်ကြောင်း ဒီနေ့ထုတ်ပြန်ချက်ထုတ်ပြီး ဝန်ခံထားပါတယ်။

ဦးကျော်ဇော်ရဲ့ တောင်းပန်ဝန်ခံထားတဲ့ အဲဒီထုတ်ပြန်ချက်ကို စက်တင်ဘာ ၁၄ ရက် ဒီနေ့ မှာပဲ NUG ယာယီသမ္မတ ဒူဝါလရှီးလက သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေ တစ်ဆင့် ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ကနေဒါနိုင်ငံ အထက်လွှတ်တော် လူ့အခွင့် အရေးဆိုင်ရာ အမြဲတမ်း ကော်မတီမှာ သက်သေအဖြစ် ဆောင်ရွက်ခဲ့စဉ် မှားယွင်းထွက် ဆိုမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဦးကျော်ဇော်က ဝန်ခံထားပါတယ်။

မိမိရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သက်သေထွက်ဆိုခဲ့တာဖြစ်ပြီး အရပ်သား အစိုးရကို ကာကွယ်လိုတဲ့ဆန္ဒနဲ့ မှားယွင်းပြောဆိုမိခဲ့တယ်လို့ ဦးကျော်ဇော်က ထည့်သွင်း ပြောထားပါတယ်။

ဒီလိုမှားယွင်းထွက်ဆိုချက်ဟာ တစ်စုံတစ်ဦး၊ အထူးသဖြင့် ရိုဟင်ဂျာလူမျိုးစု အသိုင်းအဝိုင်း အပေါ် ထိခိုက်နစ်နာစေလို့တဲ့ ရည်ရွယ်ချက်မရှိခဲ့သလို အလွန်နောင်တရမိတယ်လို့လည်း ဦးကျော်ဇော်က ဆိုပါတယ်။

ဒါကြောင့် ရိုဟင်ဂျာ ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်လိုတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ မွတ်စလင် ရှစ်သိန်းကျော် နယ်စပ်ဖြတ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားရတာ အခုဆိုရင် ငါးနှစ်ကျော်လာပါပြီ။

ဒီလှုပ်ရှားမှုအတွင်း ရိုဟင်ဂျာရွာတွေ မီးရှို့ဖျက်ဆီးခံရသလို အစုအပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ် မှုတွေ ဖြစ်တယ်ဆိုပြီး ရိုဟင်ဂျာကိုယ်စား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲထားတာပါ။

ဒီအမှုကို ICJ က စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး NLD အစိုးရလက်ထက် ၂ဝ၁၉ ဒီဇင်ဘာလ ပထမအကြိမ် ကြားနာမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သည်ဟိတ်မြို့ တရားရုံးအထိ သွားရောက်ပြီး ကန့်ကွက်ခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီကန့်ကွက်ချက်အားလုံးကို ပယ်ဖျက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ NLD အမတ်တွေ၊ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။