နွေဦးတော်လှန်ရေး အားအကောင်းဆုံးအချိန်ကို ရောက်ပြီလို့ NUG ပြော

RFA Burmese
2024.08.08
နွေဦးတော်လှန်ရေး အားအကောင်းဆုံးအချိန်ကို ရောက်ပြီလို့ NUG ပြော မိုးမိတ်မြို့ကို သိမ်းပိုက်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ TNLA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Telegram/Mandalay People’s Defence Force

နွေဦးတော်လှန်ရေးဟာ အားအကောင်းဆုံး အခြေအနေကိုရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ ၈ ရက် ဒီနေ့ ကျရောက်တဲ့ ရှစ်လုံးလေးအရေးတော်ပုံ အခမ်းအနားမှာ ပြောပါတယ်။

သမိုင်းတစ်လျှောက် မကြုံဖူးတဲ့ တော်လှန်ရေး အားကောင်းမှုနဲ့ မဟာမိတ်စုဖွဲ့မှု စည်းလုံးညီညွတ်မှု အရှိဆုံးအချိန်ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

“နွေဦးတော်လှန်ရေးဟာ သမိုင်းတစ်လျှောက်မှာ တော်လှန်ရေး အားအကောင်းဆုံးအချိန်ကို ရောက်နေပြီဖြစ်သလို မဟာမိတ်စုဖွဲ့မှုမှာလည်း သမိုင်းတစ်လျှောက် စည်းလုံးညီညွတ်မှု အရှိဆုံးအချိန်ကိုလည်း ရောက်ရှိနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်”

ဒါ့အပြင် ပြည်သူလူထုကလည်း အာဏာသိမ်းကာလ သုံးနှစ်ခွဲကျော်ကြာလာပေမဲ့ ထောက်ခံမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်က ကျဆင်းမသွားဘူးလို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် လူထုလှုပ်ရှားမှုတွေမှာလည်း စစ်အာဏာရှင်အမြစ်ဖြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးဆိုတဲ့ ရည်မှန်းချက်တွေနဲ့ တိုက်ပွဲဝင်လာခဲ့ကြတာကြောင့် ဘုံရန်သူ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဒေသတချို့မှာ စစ်ဆင်ရေးတွေ လုပ်နေပါတယ်။

အဲဒီ စစ်ဆင်ရေးတွေအတွင်း မန္တလေးတိုင်း မိုးကုတ်နဲ့ စဥ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိနိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို တုံ့ပြန်မယ်လို့ သြဂုတ်လ ၅ ရက်နေ့က မိန့်ခွန်းမှာ ထည့်ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။