မြေပြန့်မဟာဗျူဟာထိုးစစ်အတွက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖို့ NUG ပြော
2024.11.12
မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသေးတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လမ်းဖွင့်ထားတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ပြောသွားတာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်းတွေအဖြစ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တပ်ဖွဲ့တွေရှိသလို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်တွဲနေကြတဲ့အဖွဲ့တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာမရှိသေးဘဲ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရှိမထားတဲ့ တပ်ဖွဲ့တွေကိုလည်း တူညီတဲ့ တော်လှန်ရေး ရည်မှန်းချက်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
"စတင်နေပြီဖြစ်တဲ့ မြေပြန့်မဟာဗျူဟာထိုးစစ်မှာ ထိရောက်တဲ့ အားတစ်ခုဖြစ်နိုင်ဖို့ စနစ်ကျတဲ့ စုဖွဲ့မှု ပုံစံမျိုးနဲ့ ပူးပေါင်းနိုင်ဖို့ အရေးကြီးပါတယ်"
တော်လှန်ရေးအင်အားစုတွေအားလုံး ပေါင်းစုနိုင်ရေးဟာ လက်တွေ့မှာ လုပ်ရခက်တဲ့ အခြေအနေဖြစ်ပြီး အဖွဲ့အစည်းတိုင်းဟာလည်း နိုင်ငံရေးခံယူချက်နဲ့ အခြေခံမူတွေက ကွဲပြားနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
NUG ကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်တွေ့ပူးပေါင်းနေသလို အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်တပ် တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ကိုင်ဆွဲရပ်တည်ထားတဲ့ နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကို လက်ခံမယ်ဆိုရင်တော့ စစ်အာဏာသိမ်းတာ အဆုံးသတ်ပြီး အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့လည်း NUG က ပြောပါတယ်။
နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကတော့ စစ်တပ် နိုင်ငံရေးကထွက်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံး အရပ်သားအစိုးရ အောက်ထားရှိရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရေး၊ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ အပါအဝင် ဆန့်ကျင်တိုက်ခိုက်နေသူတွေအနေနဲ့ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းကနေဖြစ်ဖြစ်၊ ရွေးကောက်ပွဲ လမ်းကြောင်းကနေဖြစ်ဖြစ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်ထားပြီး တော်လှန်ရေး အင်အားစုတွေဘက်က ဒါကို ငြင်းဆိုထားပါတယ်။