မဲဆောက်က သက်ငယ်မုဒိမ်းမှုကို အရေးယူဖို့ လူတစ်ထောင်ကျော် NUG ထံ တောင်းဆို
2024.09.12
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ထိရောက်စွာ ချက်ချင်း အရေးယူပေးဖို့ လူပေါင်း တစ်ထောင်ကျော်ကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အိတ်ဖွင့်ပေးစာ ပေးပို့ လိုက်ပါတယ်။ နယ်ပယ်အသီးသီးက လူပေါင်း ၁၆၇၉ ဦးက စုစည်းပြီး အိတ်ဖွင့်ပေးစာတစ်စောင်ကို စက်တင်ဘာလ ၁၀ ရက်နေ့က ပို့ခဲ့တာပါ။
၂၀၂၃ ခုနှစ် ဧပြီလမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို NLD ပါတီရဲ့ တွံတေးမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့လို့ မိခင်ဖြစ်သူက NUG အစိုးရ ဆီမှာ တိုင်ကြားထားတာပါ။
အခုအမှုမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ ဦးအောင်မင်းဆိုသူကို မဲဆောက်မှာ ဖမ်းမိခဲ့ပေမဲ့ ပြန်လည်လွတ်မြောက် သွားတယ်လို့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
နစ်နာသူတွေအနေနဲ့ တရားမျှတမှုရဖို့ ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး အခုထိ တရားခံကိုလည်း ပြန်ဖမ်းမမိတဲ့ အပြင် လွတ်မြောက်သွားတဲ့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု အရေးယူမှု မရှိတာကြောင့် အခုလို တောင်းဆိုရတဲ့အထိ ဖြစ်လာတာလို့ တောင်းဆိုမှုမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ကတော့ တရားခံကိုပြန်မဖမ်းနိုင်ရင်တောင်မှ ဘာ့ကြောင့်လွတ်သွားသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဘယ်သူတွေကို ဘယ်လိုအရေးယူ ပြစ်ဒဏ်ပေးမှာလဲ။ ကျူးလွန်တဲ့ တရားခံကိုရော ဘယ်လိုပြန်လည်အရေးယူဖမ်းဆီးမှာလဲ စတဲ့ တရားမျှတမှုတွေကို ပြည်သူတစ်ယောက်အနေနဲ့ သိချင်ပါတယ်၊ လိုချင်ပါတယ်။ ဒါကြောင့် ပါဝင်လက်မှတ်ထိုး တောင်းဆိုရခြင်းဖြစ်ပါတယ်”
အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ ပြည်ပနိုင်ငံထဲမှာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းပိုင်းမှာ အားနည်းချက်နဲ့ အခက်အခဲတွေ ရှိခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ “ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ” သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ တာဝန်ရှိ သူတွေကတော့ ပြောပါတယ်။
ဦးအောင်မင်းကို ကလေးမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေးအမှုနဲ့ပါ ပူးတွဲအမှုဖွင့်လှစ်ထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲ မှာ NUG တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးဂျိုးဇက်က ပြောပါတယ်။
“တရားခံကို သူ့ရဲ့ နေရိပ်လိပ်စာ တွံတေးနဲ့ ဖမ်းဝရမ်း လုပ်ထားတာဖြစ်တယ်။ နိုင်ငံကျော်ပြီးတော့ သူ့ကို ဖမ်းဖို့ အတွက် လတ်တလော မဖြစ်နိုင်ပါဘူး။ မြန်မာပြည်ရဲ့ NUG စိုးမိုးထိန်းချုပ်နယ်မြေအတွင်း လာတာနဲ့ သူ့ကို ဖမ်းပစ်လိုက်လို့ရပါတယ်”
လူတစ်ထောင်ကျော်ရဲ့ သဘောထား အိတ်ဖွင့်ပေးစာမှာတော့ တရားမျှတမှုကို ချက်ချင်းဖော်ဆောင်ပေးဖို့ ကလေးငယ်နဲ့ မိသားစုကို အကာအကွယ်ပေးဖို့၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ အပြင် ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ အစီအမံတွေ ခိုင်မာအားကောင်းဖို့နဲ့ ဘက်စုံကူညီပေးဖို့တွေကို တောင်းဆိုထားပါ တယ်။
နစ်နာသူ ကလေးငယ်ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လို့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး မဲဆောက်မှာ နေထိုင်နေတဲ့ တက္ကသိုလ် ဆရာမတစ်ဦးရဲ့ သမီးငယ်လည်း ဖြစ်ပါတယ်။