မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေ စစ်ကောင်စီထံမပေးဖို့ ထိုင်းအစိုးရကို NUG တောင်းဆို
2024.12.04
![မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေ စစ်ကောင်စီထံမပေးဖို့ ထိုင်းအစိုးရကို NUG တောင်းဆို မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေ စစ်ကောင်စီထံမပေးဖို့ ထိုင်းအစိုးရကို NUG တောင်းဆို](https://burdev.rfaweb.org/burmese/news/nug-thailand-migrantworker-12042024121603.html/@@images/6ede5a62-5a6a-4931-83b0-927718f1faa4.jpeg)
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အချက်အလက်တွေကို စစ်ကောင်စီထံ ပေးပို့တာတွေ မလုပ်ဆောင်ဖို့ ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ကူညီဆောင်ရွက်မှုတွေရှိနေပေမယ့် အခက်အခဲတချို့ရှိနေတဲ့အတွက် NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၄ ရက်နေ့က တိုက်တွန်းထုတ်ပြန်လိုက်တာပါ။
ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အချက်အလက်တွေကို စစ်ကောင်စီထံ ပေးပို့နေတာ၊ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲလှယ်နှုန်းအတိုင်း မိသားစုထံ ငွေကြေးလွှဲပြောင်းတဲ့ အထောက်အထားပြသတာ၊ နေထိုင်မှု သက်တမ်းတိုးဆောင်ရွက်ရာမှာ ကုန်ကျစရိတ် ပိုမိုများပြားလာတာတွေက အလုပ်သမားတွေအတွက် အခက်အခဲဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်းက မြန်မာအလုပ်သမားတွေရဲ့အချက်အလက်တွေကို လုံခြုံရေးအရ မပို့ဆောင်ပေးသင့်ဘူးလို့ အလုပ်သမားအရေးကူညီပေးနေသူ ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG)ရဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
“ထိုင်းထဲမှာရောက်ရှိနေတဲ့ CDM တွေပါမယ်။ လက်ရှိမြန်မာပြည်မှာနေဖို့ထိုင်ဖို့အဆင်မပြေလို့ ထိုင်းထဲကို ခိုလှုံလာဖို့လာတဲ့သူတွေရဲ့ အချက်အလက်တွေကို ဒီလိုမျိုးပေးတာကျတော့ ကျွန်တော်တို့ဘက်ကတော့ ကန့်ကွက်ထားတယ်ပေါ့နော်”
ထိုင်းအစိုးရက စစ်ကောင်စီကို သွယ်ဝိုက်ကူညီနေပြီး နိုင်ငံခြားငွေရရှိစေဖို့ သွယ်ဝိုက်ပံ့ပိုးကူညီတဲ့သဘော သက်ရောက်နေတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေမှာ သုံးသန်းကျော်ရှိပြီး ထိုင်းနိုင်ငံရဲ့ အခြေခံအလုပ်သမား လိုအပ်ချက်များတဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရမဲ့ ပန်းရောင်ကတ်တွေ မထုတ်ပေးသေးခင် အထောက်အထားမရှိလည်း နိုဝင်ဘာလ ၂၈ ရက်နေ့က ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ တစ်လနေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က လက်မှတ်ရေးထုတ်ပြန်ထားပါတယ်။