တော်လှန်ရေးမျိုးဆက်တွေကို လမ်းညွန်သင်ကြားပေးဖို့ ABSDF ကို NUG ယာယီသမ္မတပြော

2022.11.01
တော်လှန်ရေးမျိုးဆက်တွေကို လမ်းညွန်သင်ကြားပေးဖို့ ABSDF ကို NUG ယာယီသမ္မတပြော ဒေါင်းမင်းစခန်းမှာ ကျင်းပသည့် ABSDF တည်ထောင်ခြင်း ၃၄ နှစ်မြောက်နေ့ အခမ်းအနားမြင်ကွင်း
(Photo:ABSDF)

အားကောင်းတဲ့ စစ်ရေးစုဖွဲ့မှုတွေကို အမြင်ကျယ်ကျယ်နဲ့ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို တော်လှန်ရေးမျိုးဆက်သစ်တွေကို လမ်းညွန်သင်ကြားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ ဒီနေ့မှာကျရောက်တဲ့ ASDF တည်ထောင်ခြင်း ၃၄ နှစ်မြောက်နေ့ အခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်းပြောရာမှာ ယာယီသမ္မတဒူဝါလရှီးလက အခုလိုထည့်သွင်းပြောခဲ့တာပါ။

လက်ရှိမှာလည်း ABSDF အနေနဲ့ တော်လှန်ရေးမျိုးဆက်သစ်တွေကဏ္ဍတော်တော်များများမှာ ပါဝင်ကူညီနေပြီး ရှေ့ဆက်ဆောင်ရွက်ပေးဖို့ တိုက်တွန်းတယ်လို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပေးပို့တဲ့ သဝဏ်လွှာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ABSDF အပေါ် ညီနောင်ရဲဘော်ရဲဘက်အနေနဲ့ မှတ်ယူထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကလည်း မျိုးဆက်သစ်ရဲဘော်တွေကိုလေ့ကျင့်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို တိုက်ပွဲဝင်နေတယ်လို့ ဒီနေ့မှာ ကျရောက်တဲ့ ABSDF တည်ထောင်ခြင်း ၃၄ နှစ်မြောက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ABSDF အနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးနဲ့ သံတမန်ရေးလုပ်ငန်းစဉ်တွေမှာ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

လက်ရှိစစ်အာဏာရှင်တော်လှန်ရေးအပါအဝင် ၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့တော်လှန်ရေးခရီးစဉ်အတွင်း ABSDF ကရဲဘော် ၇၆၄ ဦးကျဆုံးခဲ့ပြီး ၄၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။