နိုင်ကျဉ်းတွေကို ကွပ်မျက်မှုမလုပ်နိုင်အောင် စစ်ကောင်စီကို ဖိအားပေးကြဖို့ NUG တိုက်တွန်း
2022.12.19

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံကွပ်မျက်တာမလုပ်နိုင်အောင် ပြင်းထန်တဲ့ဖိအားတွေပေးဖို့ အီးယူ-အာဆီယံခေါင်းဆောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က အတည်ပြုခဲ့တဲ့ အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးကြေညာချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဘောထားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ဒီနေ့ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်း တောင်းဆိုခဲ့တာပါ။
၂၀၂၂ ခုနှစ်ဇူလိုင်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက မတရားကွတ်မျက်ခဲ့တာကို အီးယူနဲ့ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ရှုတ်ချခဲ့ပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ကို သက်ဆိုင်တဲ့အဖွဲ့အားလုံးနဲ့ အပြည့်အဝထိတွေ့ဆက်ဆံပြီး ယုံကြည်မှုတည်ဆောက်ဖို့ တောင်းဆိုခဲ့တာတွေဟာ အသစ်အဆန်း မဟုတ်သလို အရေးပါတဲ့ အချက်အလက်တွေ မပါဝင်ဘဲကျန်ခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ဥပဒေမဲ့အရေးပေါ်အခြေအနေ ကြေညာထားတာကို အီးယူ-အာဆီယံ ခေါင်းဆောင်တွေဘက်က ပယ်ချဖို့နဲ့ လေယာဉ်ဆီရောင်းချနေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာအပါအဝင် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို ထပ်မံကွပ်မျက်ခြင်းမပြုနိုင်အောင် ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ လိုအပ်တယ်လို့ NUG က ဆိုပါတယ်။
အီးယူ- အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ဖို့အတွက် တောင်းဆိုခဲ့တာကို ကြိုဆိုကြောင်းလည်း NUG ကပြောပါတယ်။
ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ထောက်ခံကြောင်းဖော်ပြထားမရှိသေးတာကို တွေ့ရသလို စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကိုလည်း တားဆီးပိတ်ပင်ဖို့ လိုအပ်တယ်လို့ NUG က ပြောပါတယ်။
NUG အနေနဲ့ အီးယူနဲ့ အာဆီယံက ဆောင်ရွက်မယ့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုတွေကို ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၉ ရက်နေ့ ဒီနေ့အထိ တော်လှန်းရေးကြောင့် သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိပြီလို့ သိရပါတယ်။
မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦးရှိတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။