စစ်အာဏာရှင်ပြုတ်ကျရေး "ဝ" တပ်ဖွဲ့နဲ့ လက်တွဲလုပ်ကိုင်လိုကြောင်း NUG ပြော

RFA Burmese
2023.12.20
စစ်အာဏာရှင်ပြုတ်ကျရေး "ဝ" တပ်ဖွဲ့နဲ့ လက်တွဲလုပ်ကိုင်လိုကြောင်း NUG ပြော "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားအား ဗဟိုဌာနချုပ် ပန်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပနေစဉ်။
WSTV

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာကျရောက်တဲ့ "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ NUG က ထည့်သွင်းပြောဆိုခဲ့တာပါ။

အဲဒီသဝဏ်လွှာထဲမှာ UWSP ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေးစားအသိအမှတ်ပြုတယ်လို့ NUG က ပြောထားပါတယ်။ ဒါ့အပြင် သွေးသောက် ညီရင်းအစ်ကို မောင်ရင်းနှမ သစ္စာစိတ်နဲ့ သဝဏ်လွှာ ပေးပို့တာလို့လည်း ဆိုပါတယ်။

NUG ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး "ဝ" တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို RFA က မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်းသာ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်အာဏာရှင်ကြောင့် မြန်မာတစ်နိုင်ငံလုံး စိတ်မချမ်းသာရဘဲ တစ်နိုင်ငံလုံးကို ဘေးဒုက္ခကြီးမားစွာနဲ့ ဖွံ့ဖြိုးမှုနောက်ကျစေတဲ့ စစ်အာဏာရှင်ပြုတ်ကျစေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တောင်ပေါ်မြေပြန့် နိုင်ငံသားတွေအားလုံး လက်တွဲညီညွတ်စွာနဲ့ ခုခံတိုက်ပွဲဝင်နေတဲ့ ကာလလို့လည်း NUG က ပြောထားပါတယ်။

"ဝ" စာပေ၊ ယဥ်ကျေးမှု၊ အနုပညာနဲ့ ရိုးရာဓလေ့ထုံးတမ်းစဥ်လာတွေကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ဒေသတွင်းက လူမျိုးစုတွေကိုလည်း ကူညီစောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ ၃၅ နှစ်ပြည့်အခမ်းအနားကို ပါတီဌာနချုပ်ရှိတဲ့ ပန်ခမ်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။