စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်အပေါ် NUG စိုးရိမ်
2024.11.05
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်ဟာ တရုတ်နဲ့ မြန်မာပြည်သူလူထုရဲ့ ဆက်ဆံရေးကို အဖုအထစ်ဖြစ်စေမှာကိုစိုးရိမ်ကြောင်း တရုတ်နိုင်ငံကို အကြောင်းကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာ ၅ ရက် ဒီနေ့မှာ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ အွန်လိုင်းကကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ဒေါ်ဇင်မာအောင် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီခရီးစဥ်ဟာ တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား တရုတ်-မြန်မာ ဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်နိုင်ပြီး စစ်ကောင်စီကိုပဲ မျက်နှာမူပြီးတော့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ် ဆိုတဲ့အကြောင်းကိုတော့ အကြောင်းကြားထားပြီးဖြစ်တယ်”
စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်ဟာ နိုင်ငံတော်အဆင့် အလည်အပတ် ခရီးစဥ်မျိုးမဟုတ်ဘဲ ဒေသဆိုင်ရာဖိုရမ်ကို တက်ရောက်တဲ့သဘောမျိုးသာဖြစ်ကြောင်း သတင်းစကား ရရှိခဲ့တယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ နိုဝင်ဘာ ၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ Hualuxe Hotel မှာ တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးမှုစီမံကိန်း၊ EV ကဏ္ဍ၊ FDI အတွက် အခွင့်အလမ်းများဆိုင်ရာ အပါအဝင် အခြားကဏ္ဍအကြောင်းအရာတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ သြဇာခံ မီဒီယာတွေက ဒီနေ့မနက်က ရေးသားဖော်ပြကြပါတယ်။
နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်သလို တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီခရီးစဥ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကိုသွားရောက်တဲ့ ပထမဦးဆုံး ခရီးစဥ်လည်းဖြစ်ပါတယ်။