ညောင်ရွှေနဲ့ လားရှိုးအကျဉ်းထောင်က အကျဉ်းသား ၂၃၉ ဦး ပြန်လွတ်

RFA Burmese
2023.08.01
ညောင်ရွှေနဲ့ လားရှိုးအကျဉ်းထောင်က အကျဉ်းသား ၂၃၉  ဦး ပြန်လွတ် လားရှိုးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေအကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ အကျဉ်းသား ၁၄၃ ဦး လွတ်မြောက်လာတယ်လို့ ညောင်ရွှေ (တောင်လေးလုံး) အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေတဲ့သူ အနည်းငယ်သာ ပါဝင်တယ်လို့ တောင်လေးလုံး အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“၅၀၅ နဲ့ လွတ်တဲ့သူက နည်းတယ်ပေါ့နော်။ အရေအတွက်တော့ အတိအကျ မသိရသေး ဘူး။ အထူးသဖြင့် သုံးနှစ်အောက်တွေ လွတ်လာတာများတယ်၊ ၅၀၅ ဆိုရင် လွတ်ရက်စေ့ကာနီးတွေပဲ ပါလာတာ များတယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အကျဉ်းထောင်ကတော့ အမျိုးသား ၈၃ ဦးနဲ့ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း အကျဉ်းသား ၉၆ ဦး ဒီနေ့လွတ်မြောက်လာပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးသာပါဝင်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူတချို့ ပါဝင်တယ်လို့  ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

“အစပိုင်းက နိုင်ကျဉ်းတွေ အများစုလွတ်မယ်လို့ ထင်ထားတာပေါ့နော်။ အခုတော့ တခြားအမှုနဲ့ လွတ်ရက် နီးသူတွေ ပါလာတာများတယ်။ နိုင်ကျဉ်းကတော့  ၅၀၅ တစ်ယောက်ပဲပါတယ်ပေါ့နော်။ ၁၇ (၁) တွေတော့ ပါတယ်။ တချို့လွတ်မယ်ထင်တဲ့ ၅၀၅ သမားတွေတော့ မပါလာဘူး”

လားရှိုးအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးကတော့ လွတ်မြောက်လာသူ ၉၆ ဦးရှိကြောင်း အတည်ပြုပြီး နိုင်ငံရေးအကျဉ်းသား ပါဝင်မှုအခြေအနေကိုတော့ တိတိကျကျမပြောပါဘူး။

စစ်ကောင်စီက  ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့  တစ်နိုင်ငံလုံး က အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ သူ ၇၇၄၉ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ ဒီနေ့မနက်မှာ ကြေညာခဲ့ပါတယ်။

အဲဒီထဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့် MNDAA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPPနဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့က စုစုပေါင်း ၂၂ ဦး၊ နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၁၂၅ ဦး ပါဝင်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးထောင်ချခံထားရသူ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ သြဂုတ် ၁ ရက် ဒီနေ့ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ အထိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၉,၇၃၃ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အထဲမှာ အမျိုးသမီး ၃၇၁၂ ဦးနဲ့ ကလေးငယ် ၅၂၂ ဦး ပါဝင် တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။