စစ်မှုထမ်းစာရင်း မကောက်ယူလိုတဲ့ ညောင်ရွှေက အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်
2024.04.03
စစ်မှုထမ်းစာရင်း မကောက်ယူလိုတဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ရာအိမ်မှူးနှစ်ဦး နုတ်ထွက်သွားတယ်လို့ အင်းလေးဒေသတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ (JMC-I) က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်နီနီဝင်း၊ ကံသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းကျော်နဲ့ ရာအိမ်မှူး ဦးကျော်သူ၊ မင်းချောင်းရှေ့ရွာ ရာအိမ်မှူး ဦးကျော်မြင့်တို့ နုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ အာဏာမသိမ်းခင်ကတည်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ယူခဲ့သူတွေဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က ညောင်ရွှေမြို့မှာပြုလုပ်တဲ့ စစ်မှုထမ်းခေါ်ယူရေးအစည်းအဝေးမှာ ကန့်ကွက်မှုတွေပြုလုပ်ပြီးနောက် ရာထူးက နုတ်ထွက်သွားကြတာလို့ ညောင်ရွှေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်မှုထမ်းချင်တဲ့လူလည်းမရှိဘူး၊ ပေးလည်း မပေးနိုင်ဘူးဆိုပြီး အဲဒီထဲမှာပါတဲ့ တချို့အုပ်ချုပ်ရေးမှူးတွေက ထပြောတာ။ JMC-I ကလည်း ဒီအရင်မှာ အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားတာရှိတယ်လေ။ ပြည်သူတွေဘက်ကို မျက်နှာမူဖို့၊ စစ်မှုထမ်းစာရင်းကောက်တာနဲ့ ငွေကြေးကောက်ခံတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားတော့ ကြားညှပ်မခံနိုင်တာနဲ့ နုတ်ထွက်သွားတယ်ထင်တာပါပဲ”
ရာထူးက နုတ်ထွက်သွားသူတွေဟာ စစ်ကောင်စီတပ်က စောင့်ကြည်ဖမ်းဆီးမှာ စိုးရိမ်တာကြောင့် တိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
အင်းလေးဒေသတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ (JMC-I) ကတော့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းစာရင်းကောက်ယူမှုတွေမှာ မပါဝင်ဘဲ နုတ်ထွက်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဧပြီလ ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။