ညောင်ဦးမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁၂ ဦး မိသားစုနဲ့ တွေ့ခွင့်မရ

RFA Burmese
2023.01.20
Share on WhatsApp
Share on WhatsApp
ညောင်ဦးမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁၂ ဦး မိသားစုနဲ့ တွေ့ခွင့်မရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်​နေ့က ​ညောင်ဦးမြို့တွင်း ဘုရားနီအနီးတစ်နေရာကို မြင်​တွေ့ရစဥ်။
RFA

မန္တလေးတိုင်း၊ ပုဂံညောင်ဦးမှာ ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁၂ ဦးကို သူတို့ရဲ့ မိသားစုဝင်တွေက ဒီနေ့အထိ တွေ့ခွင့်မရဘူးလို့ အဖမ်းခံ ရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံ တွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ညောင်ဦးမြို့ သာယာဝတီရပ်ကွက် အလယ်ပိုင်းမှာနေတဲ့ ညီအစ်မ သုံးဦး၊ သီရိမင်္ဂလာရပ်ကွက်က တစ်ဦး၊ လမ်းမတော် ရွှေမိုးစားသောက်ဆိုင်က တစ်ဦး၊ လျှပ်စစ်ပစ္စည်း ဆိုင်က တစ်ဦးနဲ့ အခြားရပ်ကွက်တွေက အမျိုးသမီးခြောက်ဦး ဖြစ်ပြီး သူတို့ရဲ့ အမည်နဲ့ အသက်အရွယ်ကိုတော့ မသိရသေးပါဘူး။

သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"လောလောဆယ်ကတော့ တချို့က စစ်ကြောရေးမှာ ရှိတယ်။ အခု စခန်းထဲမှာ နှစ်ယောက်လောက်ရှိတယ်။ ရွှေမိုးက ကောင်မလေးတစ်ယောက်ကတော့ ၅၀၅ နဲ့ အတွင်းထဲရောက်သွားပြီ။ ကျန်တာတွေက တော့ တရားစွဲဖို့ ပြင်တုန်း ရှိသေးတယ်။ တစ်ယောက်က အဆက်အသွယ်ရအောင် လိုက်နေတယ် ပြောတယ်။ ကျန်တဲ့သူတွေက အဆက်အသွယ် မရသေးဘူး"

ဇန်နဝါရီလ ၅ ရက်နေ့က ညောင်ဦးမြို့ သာယာဝတီရပ်ကွက်မှာနေတဲ့ ညီအစ်မ သုံးဦး ကနဦး ဖမ်းဆီးခံရပြီးနောက် ရွှေမိုး စားသောက်ဆိုင်က အမျိုးသမီးတစ်ဦး ထပ်မံအဖမ်းခံခဲ့ ရတာလို့ ပြောပါတယ်။ အဲဒီနောက် သူ့ဖုန်းထဲကနေ သူနဲ့ ဆက်သွယ်တဲ့ အမျိုးသမီးတွေပါ ဆက်လက်ဖမ်းဆီးခံရတာလို့လည်း ဆိုပါတယ်။

အဖမ်းခံထားရသူတွေထဲက သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးက ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံ ထားရသလို စားသောက်ဆိုင်က အမျိုးသမီးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) တပ်မတော်သား ဒါမှမဟုတ် ဝန်ထမ်းတွေကို ဆူပူအောင် လှုံ့ဆော်မှုနဲ့ အမှုဖွင့်ခံထားရတယ်လို့ ပြောပါတယ်။

ညောင်ဦးမြို့မှာ အဖမ်းခံထားရတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေး တိုင်း ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ အထိ ဖမ်းဆီးချုပ်နှောင် ခံရသူ စုစုပေါင်း ၁၃,၆၁၃ ဦး ရှိနေပြီး အဲဒီထဲက ၂၁၄၈ ဦးကို ထောင်ဒဏ်ချမှတ်ခံထားရ တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။