ညောင်လေးပင်ခရိုင်က ရွာနှစ်ဆယ်ကျော်ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေ
2024.07.27
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်(ခလယ်လွီထူ) မှာ ကျေးရွာပေါင်း ၂၄ ရွာ ရေကြီးနစ်မြုပ်နေပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ KNU ဗဟိုက ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ညောင်လေးပင်ခရိုင် နေရာအနှံ့ မိုးများအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
KNU က ရရှိထားတဲ့ စာရင်းတွေအရ မူးမြို့နယ်မှာ မိတ်သလင်၊ အုန်းချစ်ကုန်း၊ ရေတွင်းကုန်း၊ တမာခေါ စတဲ့ ရွာကိုးရွာ နဲ့ ဆောထိမြို့နယ်က ပျဉ်ရေ၊ ဝိုင်ကျွန်း၊ ထမင်းရုံ၊အင်းဂနီ၊ ကျောက်တန်းစတဲ့ ရွာရှစ်ရွာ ရေကြီးနစ်မြုပ်နေတယ်လို့ ဆိုပါတယ်
ဒါ့အပြင့် လယ်ဒိုမြို့နယ်အတွင်မှာလည်း ပဒဲကော၊ ဘောကထာ၊ ကော်သာစေ၊ မဘီကြီး စတဲ့ ရွာခြောက်ရွာမှာ ရေကြီးရေလျှံနေပြီး လမ်ပန်းဆက်သွယ်ရေး အခက်အခက်ကြောင့် စာရင်းအတိအကျ မကောက်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။
ရေကြီးတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ စိုက်ခင်းတွေပျက်စီးခဲ့သလို လမ်းတံတားတွေ၊ ဒေသခံတွေပိုင်တဲ့ ပစ္စည်းဥစ္စာတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ပြီး လူတွေထောင်နဲ့ချီရွှေ့ပြောင်းပေးနေရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
သံလွင်မြစ်ရေဟာ မိုးသည်ထန်စွာရွာသွန်းတာနဲ့ မြစ်ရေတက်တာကြောင့် ဘားအံမြို့ရဲ့စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကိုကျော်လွန်ပြီး ၉၃၅ စင်တီမီတာကိုရောက်ရှိသလို မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနဲ့ပြည်နယ်လေးခုမှာရှိတဲ့ မြို့ပေါင်း ၁၂ မြို့မှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး ရေဘေးကြုံတွေ့နေရတယ်လို့လည်း ဇူလိုင်လ ၂၇ ရက်နေ့ညနေပိုင်းက ထုတ်ပြန်ပါတယ်။