ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာက ထန်းတောဇက်ဆိပ် မီးရှို့ဖျက်ဆီးခံရ
2023.05.09
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာမှာရှိတဲ့ ထန်းတောဇက်ဆိပ်ကို စစ်ကောင်စီတပ်သားတွေ မေလ ၈ ရက် မနေ့ညနေပိုင်းမှာ မီးရှို့ခဲ့တာကြောင့် နေအိမ်နဲ့ဆိုင်ခန်း ၁၂ လုံးကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ကြေးနီစီမံကိန်းကို တပ်အင်အားဖြည့်တင်းဖို့သွားတဲ့ အဲဒီစစ်ကြောင်းဟာ အပြန်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာခံရပြီးနောက် အခုလိုမီးရှို့သွား တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်ပိုင်းက အင်အားနှစ်ရာလောက်ရှိတယ်၊ ဆားလင်းကြီးထဲ ဝင်လာတာ။ ကြေးနီစီမံကိန်းမှာ အင်အားတစ်ရာလောက်ထားပြီး အပြန်မှာမိုင်းဆွဲခံရလို့ ညောင်ပင်ကြီးရွာရဲ့ ဇက်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ထန်းတောဆိပ်အနီးမှာရှိတဲ့ ဆိုင်ခန်းနဲ့နေအိမ်တွေကို မီးရှို့သွားတာ”
နေအိမ်နဲ့ဈေးဆိုင်ခန်း ၁၂ လုံးကျော် မီးလောင်ခဲ့တဲ့အပြင် မော်တော်ဆိုင်ကယ်တွေပါ မီးထဲပါသွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ထန်းတောဆိပ်မှာရှိတဲ့ ဆိုင်ခန်းနဲ့နေအိမ်တွေ မီးလောင်သွားခဲ့တာကြောင့် ဈေးရောင်းရဖို့ အခက်အခဲဖြစ်သွားတယ်လို့ နောက်ထပ် ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
တရုတ်ကြေးနီစီမံကိန်းရှိရာ ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။