အုတ်တွင်းမြို့နယ်က ရေဘေးသင့်သူ တစ်ရာကျော် အစာအဆိပ်သင့်

RFA Burmese
2024.09.18
အုတ်တွင်းမြို့နယ်က ရေဘေးသင့်သူ တစ်ရာကျော် အစာအဆိပ်သင့် အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းရွာမှ အစာအဆိပ်သင့်သူများအား တောင်ငူဆေးရုံသို့ ပို့ဆောင်နေစဉ်။
Facebook/ Kyaw Thura

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်က ရေဘေးသင့်ခဲ့တဲ့ ဝက်ဖြူကုန်းရွာ ဒေသခံတစ်ရာကျော် စက်တင်ဘာလ ၁၈ ရက်နေ့က အစာအဆိပ်သင့်ပြီး တောင်ငူဆေးရုံကို ပို့ဆောင်ကုသနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေဘေးသင့်သူတွေကို လာရောက်လှူဒါန်းထားတဲ့ ဘဲဥဟင်းနဲ့ ကြာဆံကြော်စားပြီးနောက် မူးဝေအော့အန်ကြတာလို့ ကနဦးသိရပြီး တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးနေကြောင်း ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရာကျော်တယ်ပေါ့၊ အတိအကျတော့ မသိရသေးဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ရေဘေးဖြစ်နေတယ်ဆိုတော့ ဝေတဲ့ဟာတွေ အကုန်လုံးစားကြတာဆိုတော့လေ ဘဲဥဟင်းရည်နဲ့ ကြာဆံကြော်စားမိရာကဖြစ်တယ်လို့ ကနဦးသိရတယ်၊ အကုန်မူးပြီးအန်ကြတာ အဖြူရောင်တွေ အန်တာ”

ဆေးရုံတင်ထားရတဲ့ အစာအဆိပ်သင့်သူတွေထဲ စိုးရိမ်ရတဲ့သူ ပိုများတယ်လို့လည်း သူက ပြောပါတယ်။ စိုးရိမ်ရသူအရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

ဝက်ဖြူကုန်းရွာဒေသခံတွေ အစာအဆိပ်သင့်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာ ၁၇ ရက်နေ့ကလည်း နေပြည်တော် တပ်ကုန်းမြို့နယ် ချောင်းခြားရွာမှာ ရေဘေးကူညီကယ်ဆယ်ရေးအတွက် လာရောက်လှူဒါန်းတဲ့ အစားအသောက်တချို့ကို စားမိရာကနေ အစာအဆိပ်သင့်ပြီး လူတစ်ရာနီးပါး ဆေးရုံတက် ကုသမှုခံယူနေရပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့နယ်က ရေကြီးနစ်မြုပ်မှုတွေအတွင်း ရေစီးနဲ့ မျောပါသေဆုံးသူ ဆယ်ဦးထက်မနည်းရှိတယ်လို့ တောင်ငူမြို့နယ်ထဲမှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေက စက်တင်ဘာလ ၁၇ ရက်နေ့က RFA ကို ပြောထားပါတယ်။

တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင် စတဲ့မြို့နယ်က လူပေါင်း ရှစ်သောင်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။