ရွေးကောက်ပွဲကို စစ်အစိုးရ လုယူသွားကြောင်း အိုဘားမားပြောဆို
2010.11.09
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ သမတ အိုဘားမားက အိန္ဒိယပါလီမန်မှာ မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ဆန့်ကျင်သူတွေကို ထောင်ထဲသွင်း၊ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ချွတ်ခြုံကျနေတဲ့ အစိုးရမျိုးကို ပြပါဆိုရင် မြန်မာစစ်အစိုးရကို နမူနာပြရမှာပါပဲလို့ ပြောပါတယ်။
ဆန့်ကျင်သူတွေကို ထောင်ထဲသွင်း၊ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ချွတ်ခြုံကျနေတဲ့ အစိုးရမျိုးကို ပြပါဆိုရင် မြန်မာစစ်အစိုးရကို နမူနာပြရမှာပါပဲ
ဆက်လက်ပြီး သမတ အိုဘားမားက ပြောဆိုရာမှာ အခုလည်း ရွေးကောက်ပွဲကို ခိုးဝှက် လုယူတဲ့ မလုပ်ကောင်းတဲ့ အလုပ်ကို ကမ္ဘာ့ မျက်စိအောက်မှာ လုပ်ပြလိုက်ပြန်ပါပြီ၊ ဒီလိုအစိုးရမျိုးကို ပြစ်တင်ရှုတ်ချဖို့ ဒီမိုကရေစီနိုင်ငံအားလုံးမှာ တာဝန်ရှိပါတယ်လို့ ပြောဆိုသွားပါတယ်။
ဆက်လက်ပြီး - ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံတွေထဲမှာ အိန္ဒိယဟာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေအပေါ် တုံ့ပြန်ဝေဖန် ပြောဆိုဖို့ မကြာခဏ လက်ရှောင်ထားတာကို တွေ့ရပါတယ်လို့ အမေရိကန်သမတ မစ္စတာ ဘရက်အိုဘားမားက ပြောဆိုလိုက်ပါတယ်။
ဒီအတောအတွင်း မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ရှိတဲ့ မြန်မာဒီမိုကရေစီ အင်အားစုတွေက မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲဒီ ကြေညာချက်ထဲမှာ မြန်မာစစ်အစိုးရဟာ မဲလိမ်မူ့တွေ ၊ မဲခိုးမူ့တွေနဲ့ ရွေးကောက်ပွဲကို အတုအယောင် လုပ်ပြနေကြောင်း ၊ ဒါအပြင် ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ခြိမ်းခြောက်ပြီး စစ်အစိုးရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံမဲ ပေးခိုင်းခဲ့ကြောင်းနဲ့ အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိက တိုင်းရင်းသားပါတီတွေ ပါဝင်ခြင်း မရှိကြောင်း ရေးသားထားပါတယ်။