တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ စီးနင်းမှု ဒေသခံ ၃၀၀ ကျော် ထွက်ပြေးနေရ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရဲ့ အရှေ့တောင်ဘက် ဘန်းကုန်းဆည်ပတ်ဝန်းကျင်မှာ ယာယီနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ တဲတိုက် (တဲစု) တွေကို စက်တင်ဘာလ ၉ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ရှာဖွေပစ်ခတ်လို့ တစ်ဦးကျည်ဆံထိမှန်ပြီး ၃၀၀ ခန့်ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
''ဒီနေရာက က.ပ.စ (၁၈) နဲ့ နီးတယ်၊ သူတို့က PDF တွေကို တောနင်းရှာတော့ ကြောက်ပြီး ထွက်ပြေး ကြတာပေါ့၊ အဲတာကိုပစ်တာ တစ်ယောက်ထိသွားတယ်၊ ဒီတဲတိုက် (တဲစု) တွေမှာက တောင်ယာလုပ်တဲ့ သူတွေပဲ နေထိုင်လာကြတာ၊ အခြားလူစိမ်းမရှိဘူး” လို့ ဒေသခံရွာသားက ပြောပါတယ်။
ခြေထောက်ကို ကျည်ဆံထိမှန်ဒဏ်ရာခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ထွက်ပြေးတဲ့ သူတွေနဲ့အတူပါသွားပြီး မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။
ဘန်းကုန်းဆည်အနီးတစ်ဝိုက်က တိုက်ပွဲကျေးရွာ၊ ဖက်သန်းတပ်ကျေးရွာ၊ ညောင်မှော်ကျေးရွာနဲ့ ဥယျာဉ်စု ကျေးရွာက ကျေးရွာနေပြည်သူအချို့ဟာ မိုးရာသီအတွင်း အလယ်ရိုးမတောင်ခြေမှာရှိတဲ့ ဘန်းကုန်းဆည် အနီးက မြေလွတ်မြေရိုင်းတွေမှာ ထွန်ယက်ပြီး တောင်ယာစိုက်ပျိုးကြရင်း ဒေသအခေါ် သရက်အုပ် တဲတိုက်တွေ ပြုလုပ်ပြီး နေထိုင်နေကြတာပါ။
ရွာတွေမှာ လယ်ပိုင်ယာပိုင်မရှိလို့ တောထဲသွားပြီး တောင်ယာလုပ်နေရတဲ့ ပြည်သူတွေကို အသက်အန္တရာယ် ဖြစ်အောင် ရန်ရှာနေတယ်လို့ အဆိုပါတဲတိုက် (တဲစု) မှာ နေထိုင်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါကျေးရွာတွေရဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတပ် ကပစ (၁၈)၊ ဆောက်လုပ် ရေး (GE) တပ်နဲ့ ပ.ခ.န တပ်တို့ရှိတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ရှာဖွေဖမ်းဆီးရင်း အခုလို ဒေသခံပြည်သူတွေပါ ပစ်ခတ်ဖမ်းဆီးခံရတာနဲ့ ထွက်ပြေးနေကြရတဲ့အပေါ် စစ်ကောင်စီကတော့ ထုတ်ပြန်ကြေညာတာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။