ရန်ကုန် အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို နှစ်ရှည်ထောင်ချ
2024.08.02
ရန်ကုန်မြို့မှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုလုပ်တဲ့ တရုတ်နိုင်ငံသား နှစ်ဦးပါအဝင် လူခြောက်ဦးကို နှစ်ရှည်ထောင်ချခဲ့ပြီး နောက်ထပ် လူ ၆၃ ဦးကို ထောင်သုံးနှစ်စီ ချလိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေက ဩဂုတ်လ ၂ ရက် ဒီကနေ့မှာ ဖော်ပြပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အဓိကပါဝင်သူ တရုတ်နိုင်ငံသား လောက်ဖ (ခေါ်) ဇူကျန်း အပါအဝင် ခြောက်ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က) အရ အလုပ်နဲ့ ထောင် ခုနစ်နှစ် ချမှတ်ခဲ့ပါတယ်။
ဒီ့အပြင် လောက်ဖ (ခေါ်) ဇူကျန်း နဲ့ ကျန်းယွိ (ခေါ်) ဝူခုန်း တို့ကို လိမ်လည်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ အရ အလုပ်နဲ့ ထောင် ခုနစ်နှစ်၊ တံဆိပ်အတုအပ ပြုလုပ်မှု ရာဇသတ်ကြီး ပုဒ်မ ၄၆၈ အရ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ် ထပ်မံ ချမှတ်ခဲ့ပါတယ်။
လောက်ဖ (ခေါ်) ဇူကျန်းနဲ့ ကျန်းယွိ (ခေါ်) ဝူခုန်းတို့ဟာ မြန်မာနိုင်ငံမှာ နေထိုင်စဉ် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုကိုင်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါခဲ့တဲ့ ဝန်ထမ်းတွေဖြစ်တဲ့ မမိုးမိုးကြည် အပါအဝင် ၆၃ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) နဲ့ ထောင်သုံးနှစ်စီ ချလိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
အခု ပြစ်မှုကျူးလွန်သူတွေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက တာမွေကြီး (ခ) ရပ်ကွက် ဦးချစ်မောင်အိမ်ရာမှာ ရုံးခန်းဖွင့်ထားတဲ့ Support Fix ကုမ္ပဏီက ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။
အဲဒီကုမ္ပဏီလည်ပတ်နိုင်ဖို့ ကမာရွတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက် ကျွန်းတောလမ်းနဲ့ Time City Office Tower ၃၊ ၁၅ လွှာမှာ ရုံးခန်းဖွင့်ထားတဲ့ Zhan Tu ကုမ္ပဏီက ဝန်ထမ်းရှာဖွေပေးမှုတွေ လုပ်ခဲ့တာပါ။
အဲဒီ Zhan Tu ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသား ရန်လုံရှင်းဆိုသူကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သူ့ရဲ့ ကုမ္ပဏီရုံးခန်းကို ချိပ်ပိတ်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ Support Fix ကုမ္ပဏီရုံးခန်းကနေ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၂၂ဦး အပါအဝင် စုစုပေါင်း ၈၈ ဦးကို ငွေကြေးလိမ်လည်ရာမှာ အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒီ့အပြင် ဖမ်းဆီးရမိသူတွေထဲက တစ်ဦးရဲ့ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်က တိုက်ခန်းတစ်ခုမှာ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၉၅ ဦး ဖမ်းဆီးခံခဲ့ရပေမဲ့ ထောင်ချပြစ်ဒဏ်မှာ လူ ၆၉ ဦးရှိပြီး ကျန် ဖမ်းဆီးခံရသူတွေကို ဘယ်လိုအရေးယူမလဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။