အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို 'ဝ' တပ်ဖွဲ့ ဖမ်းဆီး
2023.09.08

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က စက်တင်ဘာ ၆ ရက်နေ့ကစလို့ ဖမ်းဆီးပြီး နယ်စပ်ကတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးနေတယ်လို့ လားရှိုးအခြေစိုက် 'ဝ' တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက အတည်ပြုပြောဆိုပါတယ်။
တရုတ်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်အတွင်း လူတစ်ထောင်ကျော်ကို ဖမ်းဆီးပြီး နေ့ချင်း အသုတ်လိုက်ခွဲပြီး ပြန်ပို့နေတာလို့ သူက ပြောပါတယ်။ အသေးစိတ်အချက်အလက် တွေကိုတော့ ထုတ်မပြောပါဘူး။
ဒီကိစ္စ အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ စစ်ကောင်စီအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ရန်ကုန်ရှိ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ 'ဝ'ဒေသ မိုင်းပေါက်မြို့ခံတစ်ဦးကတော့ ဖမ်းဆီးပြန်ပို့တဲ့ တစ်ထောင်ကျော်မှာ တရုတ် အမျိုးသမီးတချို့ ပါဝင်တယ်လို့ ပြောပါတယ်။
နောက်ဒေသခံတစ်ဦးကလည်း ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို မနေ့က စစ်ကား ခြောက်စီးနဲ့ နယ်စပ်ဂိတ်ဘက် သွားပို့တာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။
“မနေ့ကဆိုရင် စစ်ကား ခြောက်စီးနဲ့ တင်သွားတာ တွေ့ လိုက်တယ်။ ဒီနေ့လည်း ၁၀၀ ကျော် ဖမ်းတယ်။ အကုန်လုံး ငွေလိမ်လုပ်ငန်းလုပ်တဲ့သူတွေပဲ။ ဖမ်းမိတဲ့ တရုတ် နိုင်ငံသားတွေကိုတော့ ပန်ဆန်းနဲ့ တရုတ်နယ်စပ်က ဂိတ်တွေမှာ သွားပို့နေတာ (တရုတ်ဘက်ကို လွှဲပြောင်းတာ) တွေ့ရတယ်”
ဆိုရှယ်မီဒီယာ Facebook နဲ့ Tik Tok မှာ တရုတ်ဘာသာနဲ့ ဖွင့်ထားတဲ့ အကောင့်တချို့ ကလည်း အွန်လိုင်း ငွေလိမ်ဂိုဏ်းက ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အာဏာပိုင် တွေထံ လွှဲပြောင်းပေးနေကြောင်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မြန်မာဘာသာနဲ့ ရေးသားဖော်ပြ ထားပါတယ်။
မိုင်းပေါက်အပါအဝင် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသား လူငယ်အများအပြားလည်း ဖိအားပေး ခိုင်းစေခံနေရတာကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ပြန်ခေါ်ကြဖို့ မိုင်းပေါက်မြို့က မြန်မာအလုပ်သမားအရေး ကူညီပေးနေ သူတစ်ဦး က ပြောပါတယ်။
“အခုအချိန်က ငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံရတဲ့ မိသားစုတွေအနေနဲ့ ကိုယ့် သားသမီးတွေကို အမြန်ဆုံး ဆက်သွယ်ဖို့ လိုတယ်။ ဘယ်နေရာမှာ ရောင်းစားခံထားရ သလဲဆိုတာသိရင် မိဘတွေက သားသမီးတွေကို လာခေါ်ကြဖို့လည်း တိုက်တွန်း ချင်တယ်”
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ UWSA 'ဝ' တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်း၊ မိုင်းပေါက်နဲ့ ဝိန်းကောင် မြို့နယ်တွေမှာသာမက ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါတင်မကသေးဘဲ ရန်ကုန်မြို့လယ်က MMB တာဝါနဲ့ အခြားနေရာတချို့မှာလည်း တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးနေကြောင်း ကိုယ်တိုင်အလုပ်လုပ်ခဲ့သူတွေက RFA ကို အတည်ပြု ပြောဆိုထားပါတယ်။
ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ အွန်လိုင်းကနေ လိမ်လည်မှု ကျူးလွန်တဲ့ ဂိုဏ်းခေါင်းဆောင် အပါအဝင် တရုတ်နိုင်ငံသား ၂၄ ဦးကို မြန်မာရဲတပ်ဖွဲ့က လွှဲပြောင်းပေးခဲ့ကြောင်း သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်နှိပ်စက်မှု ခံနေရပြီး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း တွေမှာ အဓမ္မခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ဩဂုတ် ၂၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက လူတစ်သိန်းနှစ်သောင်းကျော်နဲ့ ကမ္ဘောဒီးယားက လူတစ်သိန်းလောက်ဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ အဓမ္မဖိအားပေး ခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။ အဲဒီငွေလိမ်ဂိုဏ်းတွေဟာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့နိုင်ငံတွေရဲ့ နယ်စပ်ဒေသ တွေမှာ လှုပ်ရှားနေကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။