အွန်လိုင်းငွေလိမ်မှုနဲ့ မြန်မာမှာဖမ်းခဲ့သူတွေထဲ ထိုင်ဝမ်တွေ မပါကြောင်း CIB ပြော
2023.09.17

အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခဲ့သူတွေထဲမှာ ထိုင်ဝမ်တွေ မပါကြောင်း ထိုင်ဝမ် ရာဇဝတ်မှုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) က စက်တင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ ထိုင်ဝမ်တွေပါနေမယ်ဆိုရင် အရေးယူနိုင်ရေးအတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ CIB က ပြောကြောင်း ထိုင်ဝမ်အခြေစိုက် Taiwan News သတင်းဌာနက ရေးပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့မြန်မာရဲတပ်ဖွဲ့က ဝင်ရောက်ဖြိုခွဲခဲ့ပြီး အဲဒီကနေ ငွေလိမ်တဲ့အလုပ်လုပ်နေတယ်လို့ သံသယရှိသူ တစ်ထောင့်နှစ်ရာကျော် (၁၂၀၇ ဦး) ကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပေးခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေထဲမှာ ထိုင်ဝမ်တွေပါတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။
တရုတ်နိုင်ငံအခြေစိုက် China Time ရဲ့သတင်းတစ်ပုဒ်မှာတော့ သံသယနဲ့ ဖမ်းဆီးထားသူတွေထဲက နှစ်ဆယ် ရာခိုင်နှုန်းခန့်ဟာ ထိုင်ဝမ်တွေလို့ စက်တင်ဘာ ၁၅ ရက်နေ့က ရေးသားခဲ့ပါတယ်။ ဒီလိုသတင်းတွေ ထွက်လာတာကြောင့် ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်ဝမ်တွေဆိုတဲ့ အထောက်အထားတွေ မတွေ့ရကြောင်း CIB က ပြောဆိုလာတာပါ။
မြန်မာစစ်ကောင်စီကတော့ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ရာမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေတာကို တွေ့ရတာကြောင့် သက်ဆိုင်ရာနိုင်ငံတွေက သံရုံးတွေနဲ့ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ဆက်သွယ်ရေး လမ်းကြောင်းတွေကနေ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ခဲ့ကြောင်းသာ စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဗဟိုအစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အွန်လိုင်းငွေလိမ်မှုတွေနဲ့ ဖမ်းဆီးခဲ့သူတွေထဲမှာ ဘယ်နိုင်ငံသားတွေဆိုတာကိုတော့ စစ်ကောင်စီက ထည့်သွင်းပြောထားတာမရှိပါဘူး။