ရန်ကုန်နဲ့ မန္တလေးမှာ ဖမ်းမိတဲ့ အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂ဝ ဦးကို တရုတ်ကို လွှဲပြောင်း
2024.09.29
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်နေတဲ့အပြင် မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တိုက်ဖျက်ရေးအတွက် ပြည်တွင်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်မြို့က မင်္ဂလာမူဆယ်ရပ်ကွက်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာတချို့ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ တရုတ်နိုင်ငံသား ၁၉၄ ဦးနဲ့ မြန်မာနိုင်ငံသား ၃၅၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက တရုတ်နိုင်ငံသားတွေကိုလည်း တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။