တောင်ကိုရီးယားတရားရုံးက အွန်လိုင်းဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို ထောင်ဒဏ် ရှစ်နှစ်ချမှတ်
2024.08.19
လာအိုနဲ့ မြန်မာနိုင်ငံမှာ လည်ပတ်တဲ့ အွန်လိုင်းဒုစရိုက်ဂိုဏ်းက ခေါင်းဆောင်ကို တောင်ကိုရီးယား တရားရုံးတစ်ရုံးက ထောင်ဒဏ် ရှစ်နှစ်ချမှတ်လိုက်ပါတယ်။
ငွေအမြောက်အမြားရစေရမယ်လို့ ကတိနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို သွေးဆောင်ဖျားယောင်းပြီး ဒုစရိုက်ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေမှုနဲ့ ပြစ်ဒဏ်ချမှတ်တာလို့ RFA အင်္ဂလိပ်ပိုင်း သတင်းက သြဂုတ် ၁၉ ရက်က ဖော်ပြပါတယ်။
လာအိုနဲ့ မြန်မာနိုင်ငံက အထူးစီးပွားရေးဇုန်တွေမှာရှိတဲ့ ရုံးတွေမှာ ဓားစာခံတွေကို ရာဇဝတ်ဂိုဏ်းတွေက ပိတ်လှောင်ပြီး လိမ်လည်မှုတွေကျူးလွန်ခိုင်းပါတယ်။ အဲဒီအတွက် မနှစ်က မေလနဲ့ အောက်တိုဘာလအတွင်း လူ ၆၀ နီးပါး အမေရိကန် ဒေါ်လာ ၁၇ သန်းဖိုးကျော် ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။
ဒီအမှုတွေနဲ့ ဆက်စပ်ပြီး အထက်တန်း အရာရှိတစ်ယောက်နဲ့ လူရှာဖွေ စုဆောင်းပေးသူတစ်ယောက်ကိုလည်း ထောင်ဒဏ် လေးနှစ်စီ ချမှတ်ပြီး အကြံပေးတစ်ယောက် အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်ပါတယ်။
တောင်ကိုရီးယား လိမ်လည်ဂိုဏ်းဟာ ငွေကြေးအခက်အခဲဖြစ်နေသူတွေကို ပစ်မှတ်ထားပြီး လာအိုနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အခွင့်အလမ်းတွေရှိတယ်ဆိုတဲ့ အချက်အလက်အမှားတွေပြ သိမ်းသွင်းတယ်လို့ Daegu ခရိုင်တရားရုံးက ပြောပါတယ်။
လိမ်လည်ခံရသူတွေဟာ စီးပွားရေးအရရော စိတ်ပိုင်းအရပါ အကြီးအကျယ်ထိခိုက်ရပြီး တရားခံတွေကို ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လျှောက်ထားတဲ့အတွက် အခုလို ပြစ်ဒဏ်ပေးရတာလို့လည်း တရားရုံးက ရှင်းပြပါတယ်။
ကိုရီးယား စကားပြန်အလုပ်နဲ့ အွန်လိုင်းငွေကြေးအရောင်းအဝယ် အလုပ်ရမယ်လို့ သွေးဆောင်ခံရပြီး တကယ်တန်းတော့ လိင်ကုန်ကူးမှုအပါအဝင် အသံဖျက်လိမ်ရ၊ ရင်းနှီးမြှုပ်နှံရေး လိမ်ညာဆောင်ရွက်ရ၊ အချစ်ဇာတ်လမ်း လိမ်ညာ ဖန်တီးရတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။