ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံရတဲ့ ဟောင်ကောင်အမျိုးသမီး နေရပ်ပြန်ရောက်
2025.02.04

မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတွေကို အလိမ်ခံရပြီးရောက်သွားတဲ့ ဟောင်ကောင်နိုင်ငံသား အမျိုးသမီးတစ်ဦး အင်္ဂါနေ့ကနေရပ်ကို ပြန်ရောက်လာပြီး အလားတူပိတ်မိနေတဲ့ နောက်ထပ်လူကိုဦးကို ကယ်ဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း ဟောင်ကောင်လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေက ပေးပို့ထားတဲ့ အမည်စာရင်းကို အခြေခံပြီး မြန်မာစစ်တပ်က ဒီအမျိုးသမီးကို ရှာဖွေဖော်ထုတ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
အသက် ၃၁ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်ပေမဲ့ ပင်ပန်းနေပုံရတယ်လို့ ဟောင်ကောင်လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သူဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ဘန်ကောက်မြို့ကနေ ဟောင်ကောင်ကို ပြန်ရောက်လာခဲ့တာလို့ ဟောင်ကောင်လုံခြုံရေးဌာနလက်ထောက်အတွင်းဝန် Paddy Yuen Pak-kei က ပြောပါတယ်။
သူလွတ်မြောက်လာပြီးနောက် အရှေ့တောင်အာရှနိုင်ငံတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ နောက်ထပ်အမှုကိုးခုအတွက် အကူအညီတောင်းခံတာတွေ ဆက်ရှိလာခဲ့ပါတယ်။
ထိုင်းနိုင်ငံကို ခရီးသွားဖို့ဖျားယောင်းခံရပြီး ရှစ်ဦးက မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသလို တစ်ဦးက ကမ္ဘောဒီးယားမှာ ပိတ်မိနေတယ်လို့ South China Morning Post သတင်းမှာ ရေးသားထားပါတယ်။
"နောက်ဆုံးရရှိထားတဲ့အခြေအနေတွေကို ကျွန်တော်တို့ မိသားစုဝင်တွေနဲ့ ဆက်လက်ဆွေးနွေးသွားမှာပါ။ ကျွန်တော်တို့ နောက်ဆုံးရရှိထားပြီးဖြစ်တဲ့ အချက်အလက်တွေကို ထိုင်းအာဏာပိုင်တွေထံ ထူးခြားတဲ့လက္ခဏာတွေအရ အမှုတစ်ခုစီကို ဖြေရှင်းဖို့ ပိုသင့်လျော်တဲ့အစီအစဉ်တွေ ဖန်တီးနိုင်စေဖို့ ကျွန်တော်တို့ကို ပေးအပ်ထားပြီးဖြစ်ပါတယ်" လို့ လုံခြုံရေးဌာနလက်ထောက်တာဝန်ရှိသူ Yuen ကပြောပါတယ်။
သူဟာ မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတွေမှာ ပြီးခဲ့တဲ့နှစ်ထဲက ထိန်းသိမ်းခံခဲ့ရပြီးနောက် တတိယမြောက် နေရပ်ပြန်ရောက်ခဲ့တဲ့ ဟောင်ကောင်နိုင်ငံသားဖြစ်ပါတယ်။ ပထမဆုံး ပြန်ရောက်လာသူက အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဒုတိယပြန်ရောက်လာသူကတော့ အသက် ၂၉ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နေရပ်ကို ပြန်ရောက်ခဲ့တာလို့ သတင်းမှာရေးသားထားပါတယ်။
အသက် ၂၅ နှစ်အရွယ်အမျိုးသားက ဟောင်ကောင်ဒေါ်လာ တစ်သိန်းနှစ်သောင်းနဲ့ ထိုင်ဝမ်ကို စိန်သယ်ပေးဖို့ အွန်လိုင်းကနေ အလုပ်ကမ်းလှမ်းခံရပြီးနောက် လူကုန်ကူးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ထိုင်ဝမ်ကိုမသွားရဘဲ ထိုင်းနိုင်ငံကိုရောက်လာခဲ့ပြီး မြန်မာနိုင်ငံက လိမ်လည်ရေးစင်တာတစ်ခုကို ရောက်သွားခဲ့တာပါ။