အွန်လိုင်းငွေလိမ်လုပ်ငန်းက နိုင်ငံခြားသား ငါးသောင်းခွဲကျော်ကို စိစစ်ဖော်ထုတ်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

RFA Burmese
2025.01.20
အွန်လိုင်းငွေလိမ်လုပ်ငန်းက နိုင်ငံခြားသား ငါးသောင်းခွဲကျော်ကို စိစစ်ဖော်ထုတ်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့စဉ်။
Photo : ‌Myanmar Military

မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းခွဲကျော် (၅၅၇၁၁ ဦး) ကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အတွင်းမှာ ဆောင်ရွက်ခဲ့တာပါ။ အဲဒီထဲမှာ တရုတ်နိုင်ငံသား ငါးသောင်းသုံးထောင်ကျော် (၅၃၃၈၈ ဦး)၊ ထိုင်းနိုင်ငံသား ခြောက်ရာ့ငါးဆယ်နီးပါး (၆၄၈ ဦး)၊ ကိုရီးယားနိုင်ငံသား နှစ်ဆယ်ဦးအပါအဝင် နိုင်ငံပေါင်း သုံးဆယ်ဝန်းကျင်ကသူတွေကို ပြန်ပို့ခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့အထိ နိုင်ငံပေါင်း ၃၈ နိုင်ငံကလည်း သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနဲ့ ရဲဆက်ဆံရေးလမ်းကြောင်းတွေကနေ ကူညီစုံစမ်းရှာဖွေပေးဖို့ အကြောင်းကြားလာသူ လေးထောင်ကျော် (၄၁၇၆ ဦး) ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက တစ်ထောင့်သုံးရာနီးပါး (၁၂၈၄ ဦး) ကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့ နှစ်ထောင့်ကိုးရာနီးပါး (၂၈၈၄ ဦး) ကို ဆက်လက် စုံစမ်းရှာဖွေနေတယ်လို့လည်း ပြောထားပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းမှု နှစ်ကြိမ် လုပ်ခဲ့ကြောင်းလည်း စစ်ကောင်စီက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။