မြန်မာနိုင်ငံငွေလိမ်ဂိုဏ်းတွေမှာခိုင်းစေခံရသူ ဂျပန် ဆယ်ဦးခန့်ရှိပြီး နှစ်ဦးပြန်လွတ်
2025.02.15

မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ အဓမ္မခိုင်းစေခံရတဲ့ ၁၆ နှစ်သား ဂျပန်လူငယ် တစ်ယောက်ကို မြန်မာဘက်ကနေ ထိုင်းဘက်ကို ဗုဒ္ဓဟူးနေ့က လွှဲပေးလိုက်တယ်လို့ The Japan Times သတင်းမှာဖော်ပြပါတယ်။ သူနဲ့အတူ ဂျပန်လူမျိုး ဆယ်ယောက်နီးပါးရှိတယ်လို့ ဂျပန်လူငယ်ကပြောတဲ့အကြောင်း ထိုင်းစစ်ဘက်သတင်းက စနေနေ့မှာ ဖော်ပြပါတယ်။
မြန်မာဘက်က လွှဲပေးပြီးတဲ့နောက် အခြေအနေအသေးစိတ် သိရအောင် သူ့ကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံ မဲဆောက်မှာ ထားပါတယ်။ ဒီလအစောပိုင်းမှာ မိသားစုကိုအကူအညီလှမ်းတောင်းတဲ့အတွက် သူ့ မိသားစုက ဂျပန်ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။ ဒီနောက် ဂျပန်နိုင်ငံကမေတ္တာရပ်ခံတဲ့အတွက် သူရှိတဲ့နေရာကို ထိုင်းအာဏာပိုင်တွေက သိရပြီး မြန်မာဘက်ကနေ ထိုင်းဘက်ကို ပြန်လွှဲခဲ့တာပါ။
အလုပ်လျှောက်ထားနိုင်တဲ့နေရာကို လူမှုမီဒီယာမှာတွေ့တဲ့အတွက် သူဟာ ဂျပန်ကနေ ထိုင်းကို မနှစ်က ဒီဇင်ဘာမှာရောက်လာပြီး ကရင်ပြည်နယ်က အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ အဓမ္မခိုင်းစေခံခဲ့ရပါတယ်။ အဲဒီအလုပ်မှာ ဂျပန်လူမျိုးတွေကို ပစ်မှတ်ထား လိမ်လည်ပေးရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လကလည်း အသက် ၁၇ နှစ်အရွယ် ဂျပန်လူငယ်တစ်ယောက် ပြန်လည်လွတ်မြောက်လာပြီး ထိုင်းအစိုးရက စောင့်ရှောက်ထားပါတယ်။ သူဟာ အွန်လိုင်းကနေ အသက် ၂၉ အရွယ်လူတစ်ယောက်နဲ့ ဆက်သွယ်မိပြီး လိမ်လည်ဖြားယောင်းခံရပြီးနောက် မြန်မာနိုင်ငံက ဒုစရိုက်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။ အဲဒီ ကျောင်းသားနဲ့ ဒီရက်ပိုင်းကပြန်လွတ်လာတဲ့ ဂျပန်လူငယ်ဟာ တစ်နေရာစီမှာနေခဲ့ရပြီး ဂျပန်လူမျိုးဆယ်ယောက်နီးပါး ဒုစရိုက်ဂိုဏ်းနဲ့ ပတ်သက်နေရတယ်လို့ အဲဒီ ကျောင်းသားကလည်း ပြောပါတယ်။