မြန်မာနိုင်ငံမှာ ဘိန်းနှင့် စိတ်ကြွဆေး ထုတ်လုပ်မှု မြင့်တက်လာ
2010.12.14
မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ငွေကြေး၊ မူးယစ်ဆေးဝါး၊ လက်နက်ပြဿနာတွေ ပွေလိမ်ရှုပ်နေတဲ့ အခြေအနေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရှိန်မြှင့်ပေးနေတယ်လို့ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတိမှုဆိုင်ရာရုံး အရှေ့တောင်အာရှ ကိုယ်စားလှယ် Mr. Gary Lewis က ပြောဆိုလိုက်ပါတယ်။
အဲဒီရုံးရဲ့ နောက်ဆုံးထုတ် သုံးသပ်ချက် အစီရင်ခံစာမှာ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကစပြီး ဘိန်းစိုက်ပျိုးမြေဧက မှန်မှန်ကြီး တိုးတက်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဘိန်းစိုက်ပျိုးသူ ဦးရေ ၁.၂ သန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။
ဘိန်းစိုက်ဧကကလည်း ၂၀၀၉ ခုနှစ်ကထက် ၂၀ ရာနှုန်း တိုးတက်လာခဲ့ပါတယ်။ ဘိန်းအထွက်နှုန်းကလည်း ၂၀၀၉ ခုနှစ်က မြန်မာပြည် ဘိန်းအထွက်ဟာ တကမ္ဘာလုံးရဲ့ ၅ ရာနှုန်း ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၁၄ ရာနှုန်း ရှိပါတယ်။
အလားတူ မက်သာအမ်ဖက်တမင်း စိတ်ကြွဆေးထုတ်လုပ်မှုကလည်း ၃ ဆ မြင့်တက်ခဲ့ပါတယ်။
ဘိန်းစိုက်ပျိုးသူ ၁.၂ သန်းလောက်ထဲက ၇၇ ရာနှုန်းဟာ စားဝတ်နေရေးအတွက် စိုက်ပျိုးကြတာဖြစ်ပြီး၊ ၉ ရာနှုန်းကသာ ကိုယ်တိုင် သုံးစွဲဖို့ စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။
ဘိန်းစိုက်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ သွားရောက် ဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ Mr. Gary Lewis က ပြောပါတယ်။