ရွေးကောက်ပွဲကော်မရှင်ကို NDF ကန့်ကွက်စာတင်မည်

NDF ပါတီအနေနဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုမျိုးစုံ ကြုံတွေ့ခဲ့ရတာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တင်ပြဖို့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ဆုံးဖြတ်ချက်ချခဲ့ပြီး ပြည်သူကို အစီရင်ခံတဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

2010.11.10
ndf_election_campaign_305_z.png အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ အဖွဲ့ဝင်များ ရန်ကုန်မြို့ တနေရာတွင် အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ် လက်ကမ်း ကြော်ငြာများ ဝေငှနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) က ပြည်သူကို ဘယ်သောအခါမှ ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကြေညာချက်မှာ အဓိက အချက်သုံးချက် ပါရှိတယ်လို့ ပါတီခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ပထမဆုံးအချက်မှာ NDF ပါတီအနေနဲ့ ပြည်သူက ထောက်ခံ အားပေးတာကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအချက်က ရွေးကောက်ပွဲဟာ ဥပဒေနဲ့ မညီညွတ်ပဲ ကြိုတင်မဲတွေကို ထည့်သွင်း ရေတွက်ခဲ့တဲ့အတွက် အများလက်ခံနိုင်စရာ မရှိတဲ့ အခြေအနေကို ရောက်သွားကြောင်း ဒီကိစ္စတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ တိုင်ကြားသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တတိယအချက်မှာတော့ ပါတီအနေနဲ့ ဘယ်လိုအခြေအနေမျိုးရောက်ရောက် ပြည်သူကို ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ပါတီရဲ့ ဆုံးဖြတ်ချက်အရ ရွေးကောက်ပွဲတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မသမာမှုများကို ဖြစ်စဉ် တခုချင်းအလိုက် ရှင်းလင်းဖော်ပြပြီး ကန့်ကွက်လွှာကို တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကန့်ကွက်စာ တင်တာနဲ့ ပတ်သက်ပြီး တခြားပါတီတွေက ပူးပေါင်း ပါဝင်မယ်ဆိုရင် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ နည်းဥပဒေအရ ပါတီအနေနဲ့ ကန့်ကွက်လွှာကို ရွေးကောက်ပွဲအပြီး ၁၅ ရက် မတိုင်ခင် တင်ပြခွင့် ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် တဦးချင်းအလိုက် ကန့်ကွက် တရားစွဲဆိုမယ်ဆိုရင် ကျပ်ငွေ ၁၀ သိန်း တင်ပြပြီး တရားစွဲနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တစညပါတီတို့ ပြီးရင် ကိုယ်စားလှယ် အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဟာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ကြိုတင်မဲ အပါအဝင် မသမာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ၉၀ ရာနှုန်းလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

မဲရုံအားလုံးလိုလိုမှာ ပြည်သူတွေက NDF ပါတီကို အပြတ်အသက် မဲပေးခဲ့ကြပေမဲ့ ညပိုင်း မဲရုံကို ရောက်ရှိလာတဲ့ ကြိုတင်မဲတွေကြောင့် အနိုင်ရရှိပြီးသား ကိုယ်စားလှယ်တွေ နောက်တနေ့မနက်ပိုင်းမှာ ပြန်လည် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မူလက မျှော်မှန်းထားခဲ့သလို ၇၀ ရာနှုန်း၊ ၈၀ ရာနှုန်းလောက် မရရှိတော့ပဲ ၁၀ ရာနှုန်း လောက်ပဲ အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို နည်းပါးတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ လွှတ်တော်ထဲမှာ ပြည်သူတွေအရေးအတွက် ဘယ်လို ဆောင်ရွက်နိုင်မလဲ၊ ရွေးကောက်ပွဲ မသမာမှု၊ နစ်နာဆုံးရှုံးခဲ့ရမှုတွေအတွက် ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။