မကွေးတိုင်းက ရေနံမှော်လေးခု ပိတ်သိမ်းခံရ

RFA Burmese
2023.06.05
မကွေးတိုင်းက ရေနံမှော်လေးခု ပိတ်သိမ်းခံရ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ နလဲရေနံမှော်လုပ်ငန်းခွင်တစ်နေရာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
U Kyaw Khaing Win

မကွေးတိုင်း၊ အထက်မင်းလှနဲ့ သရက်မြို့နယ်တွေမှာရှိတဲ့ ရေနံမှော်လေးခုကို စစ်ကောင်စီတပ်က ဇွန်လ ၅ ရက် စပိတ်သိမ်းခိုင်းလိုက်ပြီး ရေနံကျင်းတူးရာမှာ အသုံးပြုရတဲ့ပစ္စည်းတွေကို ဇွန်လ ၆ ရက် နောက်ဆုံးသယ်ယူဖို့ပြောထားတယ်လို့ ရေနံမှော်မှာလုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။

အဲဒီမှော်တွေကတော့ ဒဟတ်ပင်ရေနံမှော်၊ ထန်းကိုင်းရေနံမှော်၊ တစီးကောက်ရေနံမှော်နဲ့ နလဲရေနံမှော်တို့​​ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရေနံမှော်တွေမှာ လူဦးရေ သိန်းနဲ့ချီ လုပ်ကိုင်နေပြီး အခုလိုပိတ်သိမ်းခိုင်းတာကြောင့် သိန်းပေါင်းသောင်းနဲ့ချီ ဆုံးရှုံးနစ်နာရတယ်လို့ ရေနံကျင်းလုပ်ကိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

"ဆုံးရှုံးတာတော့ ပြောမနေပါနဲ့ဗျာ။ မနက်ဖြန်ခါနောက်ဆုံးဆိုတော့ ကိုယ်လည်း သိမ်းရတော့တာပေါ့။ ရေနံတွင်းသုံးပစ္စည်း တစ်ခုမှမမြင်ချင်ဘူးဆိုတော့ အကုန်သိမ်းရတော့တာပေါ့ဗျာ"

ရေနံမှော်တွေပိတ်သိမ်းလိုက်ရလို့ ငွေကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံးသွားသလို ဒီနေ့ကစပြီး ရေနံမှော်တွေထဲကပစ္စည်းတွေလည်း လိုက်သိမ်းနေရတယ်လို့ ရေနံကျင်းလုပ်ကိုင်သူက ဆက်ပြောပါတယ်။

ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ အဲဒီရေနံမှော်တွေမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ် အခုလိုရေနံမှော်တွေကို ပိတ်သိမ်းခိုင်းတာဟာ ဒီမှော်တွေကို အမှီပြု လုပ်ကိုင်စားသောက်နေတဲ့ဒေသခံတွေကို စီးပွားရေးကျပ်တည်းအောင်လုပ်တာလို့ ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ မဖြေကြားပါဘူး။

မေလ ၂၁ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာရှိတဲ့ တက်မရေနံမြေ ပိတ်သိမ်းလိုက်လို့ အဲဒီမှာလုပ်ကိုင်နေတဲ့ လူဦးရေတစ်သိန်းခန့် စားဝတ်နေရေး အခက်အခဲဖြစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။