အာဏာသိမ်းကာလအတွင်း NLD ပါတီဝင် ၂၁၀၀ ကျော် ဖမ်းဆီးခံရ
2024.08.31
အာဏာသိမ်းကာလ သုံးနှစ်ခွဲတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ၂၁၈၁ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ဩဂုတ်လ ၃၁ ရက်နေ့ထုတ် အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
ဖမ်ဆီးခံရသူတွေထဲက လက်ရှိအချိန်ထိ ပါတီဝင် ၇၀၂ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၈ ဦး ပြန်လည်လွတ်မြောက်လာပြီးဖြစ်တာကြောင့် ပါတီဝင် ၁၄၇၉ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၅၇ ဦးဟာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူတွေထဲမှာတော့ ပါတီဝင် ၁၀၇ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ စုစုပေါင်း NLD ပါတီဝင်ပေါင်း ၁၀၉ ဦး ပါဝင်နေတယ်လို့ HRDT-NLD က ရေးသားထားပါတယ်။
ဒီ့အပြင် စစ်ကောင်စီက နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းတာ၊ ဖျက်ဆီးခံရတာတွေကြောင့် လွှယ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေအပါအဝင် ပါတီဝင်ပေါင်း ၄၄၈ ဦးရဲ့ ပိုင်ဆိုင်မှု ၅၆၂ ခု ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
HRDT-NLD ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ကောက်ယူတဲ့အဖွဲ့တစ်ခုဖြစ်ပြီး NLD ပါတီက တည်ထောင်ထားတာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
အာဏာသိမ်းကာလအတွင်း NLD ပါတီရဲ့ ရုံးချုပ်ကနေ ရပ်ကျေးရုံးတွေအထိ တိုက်ခိုက်ခံရမှုတွေဟာလည်း ၁၆၅ ကြိမ်အထိ ရှိခဲ့တယ်လို့ HRDT-NLD ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။