မီးရှို့ခံရတဲ့ ရေဦးမြို့ တင်းတိမ်ရံရွာမှာ နေအိမ်နဲ့ ဈေးဆိုင်ခန်း ငါးရာကျော် ပျက်စီး

2022.08.02
Share on WhatsApp
Share on WhatsApp
မီးရှို့ခံရတဲ့ ရေဦးမြို့ တင်းတိမ်ရံရွာမှာ နေအိမ်နဲ့ ဈေးဆိုင်ခန်း ငါးရာကျော် ပျက်စီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့သည့် ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာမှ အဆောက်အအုံများကို တွေ့ရစဉ်
Photo: Local Fighters Squad

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံရွာကို စစ်ကောင်စီတပ်သားတွေ လေးရက်ကြာ ဝင်ရောက်စီးနင်းပြီး ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်နဲ့ ဈေးဆိုင်ခန်း ပေါင်း ၅၀၀ ကျော် မီးရှို့ဖျက်ဆီးသွားတယ်လို့ တင်းတိမ်ရံ ရွာခံတွေက RFA ကို ဩဂုတ်လ ၂ ရက် ဒီနေ့ ပြောပါတယ်။

အင်အား တစ်ရာနီးပါးရှိတဲ့ မှော်ဘီမြို့နယ်အခြေစိုက် အမှတ် (၇၀၁) ခြေမြန်တပ်ရင်း စစ်ကြောင်းက ဇူလိုင်လ ၂၈ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့ထိ ရွာထဲကို လေးရက်ကြာ ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။

သဲကုန်းကြီး ဘုန်းတော်ကြီးကျောင်း၊ MPT ရုံး အပါအဝင် တင်းတိမ်ရံဈေးက ဈေးဆိုင်ခန်း ပေါင်း ၂၅၀၊ လူနေအိမ် ၃၁၂ လုံး၊ ဆန်စက် ငါးလုံး၊ ဆီစက် နှစ်လုံးနဲ့ ကားကြီး၊ ကားငယ်၊ သုံးဘီးဆိုင်ကယ်နဲ့ မော်တော်ဆိုင်ကယ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထွက်သွားပေမယ့် မီးလောင်ပြင်ကို သန့်ရှင်းရေးလုပ်သူတွေကလွဲရင် ကျန်တဲ့ သူတွေက ရွာကို ပြန်မကပ်ရဲသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"လူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေပေါင်းရင် ရွာရဲ့ သုံးပုံနှစ်ပုံလောက် ပါသွားတာပေါ့။ ရွာကြီးကလည်း ရွာပျက်ကြီးလို ဖြစ်သွားတော့ အခုရှင်းနိုင်တဲ့သူတွေက ရှင်းကြ။ ကိုယ့်အိမ်ကိုယ့်ယာ ပြန်နေဖို့ဆိုရင်တောင်မှ ယာယီတဲထိုးနေဖို့တွေ စီစဉ်ကြရတာပေါ့ ဗျာ။ အခုက သန့်ရှင်းရေး လုပ်တဲ့သူကလွဲရင် ရွာကို ပြန်မကပ်ရဲကြသေးဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တင်းတိမ်ရံရွာကို စစ်ကြောင်းမဝင်ခင် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း စစ်ကြောင်းဝင်လာရာ လမ်းကြောင်းပေါ် ရွာနဲ့ လေးမိုင်လောက်ဝေးတဲ့ ဆည်မြောင်းအနီးမှာ ဇီးကုန်းရွာသား ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အဲဒီစစ်ကြောင်းကပဲ သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်းတိမ်ရံရွာဟာ အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ စံပြရွာတစ်ရွာဖြစ်သလို ဈေး၊ အထက်တန်း ကျောင်း၊ တိုက်နယ်ဆေးခန်း၊ မီးရထားဘူတာတွေပါရှိပြီး ရေဦး-ဘုတလင်-မုံရွာ သွား မီးရထားလမ်းပေါ်က အချက်အချာကျတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။