ပြည်နယ်သစ် ပေါ်ထွန်းခွင့်လိုလားကြောင်း ပအိုဝ်းအဖွဲ့တွေ ပြော

RFA Burmese
2025.03.13
ပြည်နယ်သစ် ပေါ်ထွန်းခွင့်လိုလားကြောင်း ပအိုဝ်းအဖွဲ့တွေ ပြော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။
Facebook/Pa-O People’s Aid

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ပြည်နယ်သစ် ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့အတွက် ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲ တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့က မတ်လ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။

၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပူးတွဲထုတ်ပြန်တာဖြစ်ပြီး ပအိုဝ်းပြည်နယ်သစ် ပေါ်ထွက်လာဖို့ နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းမယ်လို့ ဒီနေ့ကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ပထမ တော်လှန်ရေး၊ ဒုတိယ တော်လှန်ရေးတွေမှာ ကျွန်တော်တို့ဟာ ငဲ့ခဲ့ပါတယ်။ ပအိုဝ်းတွေဟာ ပြည်ထောင်စုကို ငဲ့ခဲ့ပါတယ်။ ကျွန်တော်တို့ကြောင့် ဆိုတာမျိုး အဖြစ်မခံချင်ခဲ့တဲ့အတွက် ပအိုဝ်းပြည်နယ်ကိစ္စကို ရင်ထဲက ရှိသော်လည်း ထုတ်မပြောခဲ့ဘူး။ ဒီကနေ့ တတိယ တော်လှန်ရေးမှာ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ပအိုဝ်း ပြည်နယ်သစ် ပေါ်ထွန်းရေးကို ကျွန်တော်တို့ လိုလားတယ်။ အဲဒါကို ကျွန်တော်တို့ ရယူမယ်။ ရယူတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ ရယူမှာဖြစ်ပါတယ်”

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့ဟာ ပအိုဝ်းတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အန္တိမရည်မှန်းချက် ဖြစ်တယ်လို့လည်း အခမ်းအနားကို တက်ရောက်လာတဲ့ ပအိုဝ်းခေါင်းဆောင်တွေက ပြောပါတယ်။

ပအိုဝ်းပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အသုံးချခံမဖြစ်အောင် သတိထားဖို့နဲ့ လက်ရှိမှာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) ကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် PNLO နဲ့ PNFC ရဲ့ လက်နက်ကိုင်တပ်တွေက စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေပါတယ်။

၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။