ကျောက်ကြီးမှာ နှစ်လအတွင်း အရပ်သား ကိုးဦးသေဆုံး

RFA Burmese
2024.08.16
ကျောက်ကြီးမှာ နှစ်လအတွင်း အရပ်သား ကိုးဦးသေဆုံး ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရေတွင်းကုန်ကျေးရွာရှိ ကျန်းမာရေးဌာနအား စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Karen National Union

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဇွန်လနဲ့ ဇူလိုင်လ နှစ်လအတွင်း စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ကိုးဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ဩဂုတ်လ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ်လအတွင်း စစ်ကောင်စီက အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေထဲကို လေကြောင်းကနေပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေကို အဓမ္မဖမ်းဆီးထောင်ချတာ၊ ငွေကြေးတောင်းခံတာနဲ့ မတရားစစ်မှုထမ်းခိုင်းတာတွေ ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်လတာအတွင်း ဒရုန်းနဲ့ ၁၁ ကြိမ်ဗုံးကြဲတာအပြင် လက်နက်ကြီး အလုံး ၃၀၀ နီးပါးပစ်ခတ်တာကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး ရှစ်ဦးသေဆုံးခဲ့သလို အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ဒါ့အပြင် လူနေအိမ် ၁၁ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ ဘုန်ကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့သလို အရပ်သားသုံးဦးကိုလည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အကြမ်းဖက်မှုတွေ ခံစားနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ လူသားချင်စာနာမှု အကူအညီတွေပေးဖို့လည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို အကူအညီတောင်းခံတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။