ပခုက္ကူဒေသခံ အမျိုးသမီးသုံးဦးကို စစ်ကောင်စီ သတ်ဖြတ်
2024.11.14
မကွေးတိုင်း ပခုက္ကူမြို့နယ် နှောကုန်းရွာမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ် နှစ်ရာနီးပါးကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် ဒေသခံ အမျိုးသမီးသုံးဦးကို သတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက အိမ်တွေမီးရှို့ပြီး သတ်ဖြတ်သွားတယ်လို့ Pakokku Special Task Force (ပခုက္ကူ ပကဖ) ဒုတာဝန်ခံ ရဲဘော်ရန်နောင်က RFA ကို ပြောပါတယ်။
"ကိုးနာရီဝန်းကျင်က စရှို့တာပါ။ အိမ် ၁၈၇ လုံးမီးရှို့ခံရတယ်၊ အမျိုးသမီးသုံးဦး အသတ်ခံရတယ်၊ အဖွားအရွယ်နှစ်ဦးနဲ့ လူငယ်အမျိုးသမီးတစ်ဦး"
တပ်မ (၁၀၁) ကထွက်လာတဲ့ အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းဟာ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ နှောကုန်းရွာကို မနက်ငါးနာရီက ဝင်ရောက်ပြီး ကိုးနာရီဝန်းကျင်မှာ နေအိမ်တွေကို မီးစရှို့ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ သူတို့အထိုင်ချတဲ့ ရွှေတန်းတစ်နဲ့ ဆင်းမင်းရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း ပြောပါတယ်။
စစ်ကြောင်းဝင်တဲ့ ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ ပြီးခဲ့တဲ့ရက်တွေကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နေအိမ်တွေမီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်ကြောင်းပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ရွှေတန့်တစ်၊ ကွန်းရွာနဲ့ ဆင်မင်းရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ရွှေတန်းတစ်၊ ဆင်မင်း၊ ကွန်း၊ ဒေါင်းစား၊ နှောကုန်း၊ ကင်မွန်းခါး၊ နတ်ကျွန်း၊ ဘုရားကုန်း၊ ဆိပ်ကမ်းသာယာ စတဲ့ ကျေးရွာ ၁၅ ရွာက အရပ်သား ၇၀၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။
ဒီစစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်စရာတွေနဲ့ ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း ရဲဘော်ရန်နောင်က ပြောပါတယ်။