ပခုက္ကူ ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ရှစ်ဦး စစ်ကောင်စီထံထွက်ပြေး

RFA Burmese
2023.05.28
ပခုက္ကူ ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ရှစ်ဦး စစ်ကောင်စီထံထွက်ပြေး
Earthquake People’s Defense Force

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင် အပါအဝင် တပ်ဖွဲ့ဝင်ရှစ်ဦး မေလ ၂၅ ရက်နေ့မှာ လက်နက်၊ ငွေကြေးတွေနဲ့အတူ စစ်ကောင်စီထံ လက်နက်ချအညံ့ခံ ထွက်ပြေးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က မေလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ၊ အဖွဲ့ဝင် စိုင်းတုန်ချစ်၊ သော်ဇင်ခန့်၊ ဝေဖြိုးပိုင်တို့ဟာ မောင်းပြန်သေနတ်နှစ်လက်၊ ပြန်ပေးဆွဲရာကရရှိတဲ့ ကျပ်ငွေသိန်းလေးရာအပြင် တခြား ခဲယမ်းမီးကျောက်တွေနဲ့ စစ်ကောင်စီထံ လက်နက်ချအညံ့ခံခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူရဲ့ စည်းရုံးမှုကြောင့် Earthquake Defense Force အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် အာကာစိုးမြင့်နဲ့ အဖွဲ့ဝင် ဝင်းမင်းအောင်၊ မြတ်မင်းနဲ့ သက်နိုင်ဦးတို့လည်း မောင်းပြန်သေနတ်နှစ်လက်နဲ့အတူ ကျပ်ငွေသိန်းနှစ်ထောင်ဝန်းကျင် ယူဆောင်ပြီး စစ်ကောင်စီထံ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့တွေဟာ အရင်ကတည်းက ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကနေ ထုတ်ထားတာကြာပြီလို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့က ပကဖအဖွဲ့ဝင်နာမည်ခံပြီးတော့ ရာဇဝတ်မှုတွေလုပ်တယ်။ ဓားပြတွေ တိုက်တယ်။ အဲဒါတွေကြောင့် အဲဒီအဖွဲ့တွေကို ဖယ်ရှားပြီးတော့ တိုက်ပွဲတွေကအစ မခေါ်တာကြာပါပြီ"

ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူဟာ စစ်ကောင်စီနဲ့ဆက်နွယ်တယ်လို့ ယူဆရသူတွေကို ဖမ်းဆီးငွေတောင်းတာ၊ ပြန်ပေးဆွဲတာ စတဲ့လုပ်ရပ်တွေအတွက် မဖြေရှင်းနိုင်တာကြောင့် စစ်ကောင်စီထံ အညံ့ခံထွက်ပြေးသွားတာလို့ ဖော်ပြပါတယ်။

အဲဒီနှစ်ဖွဲ့က ဘယ်လိုရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သလဲဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုလိုလက်နက်၊ ငွေကြေးတွေနဲ့အတူ ထွက်ပြေးသွားသူတွေကို အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပြီး ပခုက္ကူနဲ့ မြိုင်မြို့နယ်က တော်လှန်ရေးအင်အားစုတွေကိုလည်း သတင်းအချက်အလက် ပေါက်ကြားနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မကွေးတိုင်းက ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတစ်လအတွင်း ဒေသခံ လေးဦး အသတ်ခံခဲ့ရပြီး ၁၀ ဦး အဖမ်းခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။