ပခုက္ကူမှာ ဆိုင်ကယ်စီးသူနှစ်ဦး ပစ်သတ်ခံရ

RFA Burmese
2023.01.13
Share on WhatsApp
Share on WhatsApp
ပခုက္ကူမှာ ဆိုင်ကယ်စီးသူနှစ်ဦး ပစ်သတ်ခံရ မကွေးတိုင်း၊ ပခုက္ကူမြို့တွင်းတစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ဆိုင်ကယ် တစ်စီးကို နှစ်ယောက်အတူ စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေ က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် ကိုမြတ်လင်းအောင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုရဲလင်းခက်တို့ဖြစ်ပြီး ပခုက္ကူ-ရေစကြိုကားလမ်း၊ မြို့သစ်နဲ့ စက်မှုဇုန်ကြားမှာ ပစ်ခတ် ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးစလုံးက မြို့သစ်မှာနေတဲ့သူတွေဖြစ်ပြီး ပခုက္ကူ စက်မှုဇုန်ဘက်က ပြန်လာချိန် စစ်ကောင်စီအဖွဲ့ စစ်ဆေးရေးတွေနဲ့ တွေ့ပြီး ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

"သူတို့က စက်မှုဇုန်ဘက်က ပြန်လာတယ်။ ပျူတွေနဲ့ စစ်တပ်ကလည်း သောက်စား ပြန်လာပြီး မူးပြီးတော့ လျှောက်စစ်နေပုံရတယ်။ အဲ့အချိန်မှာ ဆိုင်ကယ်နှစ်ယောက်စီး လို့ တားတာကို အရှိန်နည်းနည်းလေး လွန်သွားလို့ လှမ်းပစ်တာ။ တစ်ယောက်က နေရာတင် ပွဲချင်းပြီး သေတယ်။ တစ်ယောက်က ဆေးရုံရောက်မှ သေတယ်"

သူတို့ဟာ သာမန်အရပ်သားတွေဖြစ်ပြီး လက်ရှိအချိန်မှာ မိသားစုဝင်တွေက ရင်ခွင်ရုံကနေ အလောင်းပြန်ရအောင် ပြောဆိုညှိနှိုင်းနေရတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ကစလို့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း မြို့နယ်အတွင်းမှာ ဆိုင်ကယ် တစ်စီးကို လူတစ်ဦးတည်းသာ စီးနင်းခွင့်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီလို ထုတ်ပြန်ပြီးနောက် လက်ရှိအချိန်အထိ ပစ်ခတ်ခံရလို့ သေဆုံးသူ စုစုပေါင်း ငါးဦးခန့် ရှိနေပြီး အဲဒီထဲမှာ ဖမ်းဆီးရိုက်နှက် ဒဏ်ငွေရိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း အများအပြား ရှိနေတယ်လို့ မြို့ခံတွေ ပြောဆိုပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။