ပခုက္ကူမြို့ ဆားကျင်းရွာ မီးရှို့ခံရပြီး ဒေသခံ ၇၀၀ ကျော် ထွက်ပြေးနေရ

2022.08.09
ပခုက္ကူမြို့ ဆားကျင်းရွာ မီးရှို့ခံရပြီး ဒေသခံ ၇၀၀ ကျော် ထွက်ပြေးနေရ မကွေးတိုင်း ပခုက္ကူမြို့နယ် ဆားကျင်းရွာက မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ပခုက္ကူမြို့နယ် ဆားကျင်းရွာကို ဩဂုတ်လ ၈ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃ လုံး ပျက်စီးခဲ့ပြီး ဒေသခံ ၇၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆားကျင်းဒေသခံတွေက ဒီကနေ့ ပြောပါတယ်။

အင်အား ၁၀၀ ကျော်လောက် ဩဂုတ်လ ၇ ရက်နေ့ညကတည်းက ရွာနားမှာ ကင်းပုန်းချပြီး နောက်နေ့ မနက်မှာတော့ ရွာထဲ မီးဝင်ရှို့တာလို့ နေအိမ် မီးထဲပါသွားတဲ့ ဆားကျင်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က စစချင်း ရွာထဲဝင်ကတည်းကကို သူတို့က ဝုန်းဒိုင်းကြဲပြီး မီးစတိုက်တာပဲ။ ကျနော်တို့ အဝေးက ကြည့်နေရတော့တာ။ ဒီမနက် ရွာထဲဝင်မှ ကျနော့်အိမ် မီးထဲပါမှန်းသိတယ်။ အကုန်လုံးပေါင်းက ၂၃ အိမ် လောင်သွားတာ။ ရွာထဲလည်း ဘယ်သူမှ မဝင်ရဲတော့လေ။ ရှို့သွားတဲ့ အိမ်တွေက တကယ့်ကို ဘာမှကို မကျန်အောင် ပတ်လည်လိုက်ပြီး ရှို့သွားတာ"

ရွာထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ အိမ်တွေကိုရွေးပြီး မီးရှို့သွားတာလို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေ ဆားကျင်းနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ ဆီကောင်းရွာဘက်မှာ တပ်စွဲနေတာကြောင့် ရွာထဲ ပြန်မဝင်ရဲကြသေးတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၁၈၆ လုံးရှိတဲ့ ဆားကျင်းရွာအပါအဝင် အဲဒီအနီးက စီကောင်း၊ စဘေ၊ စဘေအလယ်ရွာ၊ စဘေအနောက်၊ ရွာသစ်ရွာ စတဲ့ ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။