ပုလောမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2023.09.10
ပုလောမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေ၊ လေးဦးဒဏ်ရာရ တနင်္သာရီတိုင်း၊ ပုလောမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။
Tachileik News Agency

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စက်တင်ဘာလ ၉ ရက် မနက် ၉ နာရီကျော်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် နှစ်ဆယ်အရွယ် ကိုမြတ်ဖြိုးဝေဟာ လက်နက်ကြီးကျည် အပိုင်းအစထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။

ဒီအပြင် အသက်ရှစ်နှစ်အရွယ် ကလေးငယ်နဲ့ အသက် လေးဆယ်ကျော်အရွယ် မိခင်ဖြစ်သူ ဒေါ်ခင်အေးအပြင်၊ နောက်ထပ် အမည်မသိရသေးတဲ့ အမျိုးသားနှစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးက သုံးလုံးလောက်ပစ်တာပါ။ အခုဆုံးသွားတဲ့ ကိုမြတ်ဖြိုးဝေ ရှိနေတဲ့နေရာနဲ့ ကိုက် ၁၀ ကျော်မှာ ကျပေါက်ကွဲတာ၊ ပွဲချင်းပြီးကို ဆုံးတာ။ ကျန်တဲ့ လူတွေလည်း နည်းနည်းပါးပါး ထိတာပေါ့။ စစ်ကောင်စီဘက်က တမင်ရည်ရွယ်ချက်နဲ့ ပစ်တာပေါ့ဗျာ၊ တိုက်ပွဲဖြစ်လို့ ပစ်တာဆိုရင် တစ်မျိုးပေါ့။ အခုတော့ သူတို့အားတိုင်း ပစ်နေတော့တာပဲ"

ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူဒေါ်ခင်အေးဟာ ပုလောမြို့မဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သူက ပြောပါတယ်။

လက္ကူးကျေးရွာနဲ့ ၁၀ မိုင်အကျော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေ ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

အခုလ ၁ ရက်နေ့ကလည်း ပုလောမြို့နယ် ပလမြို့ရဲစခန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၉ ရက်အထိ တနင်္သာရီတိုင်းအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်ဦးသေဆုံးပြီး ၄၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။