ပုလောမှာ တိုက်ပွဲပြင်းထန်၊ PDF ခုနစ်ဦးသေဆုံး
2023.09.19

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မြတောင်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကုန်းကြောင်းနဲ့ ရေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရေကြောင်းနဲ့ ကုန်းကြောင်းနှစ်ဘက်ပိတ်တာကြောင့် PDF တပ်ဖွဲ့တွေ ပိတ်မိသလိုဖြစ်သွားတယ်လို့ သူကပြောပါတယ်။
" စစ်ကောင်စီဘက်က အင်အားတွေထပ်ဖြည့်သလို ရေတပ်ကလည်း လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးနေတာ၊ စက်တင်ဘာ ၁၈ ရက် မြတောင်ရွာနားက တိုက်ပွဲမှာ ဒေသခံကာကွယ်တပ်တွေက ပိတ်မိသလိုဖြစ်သွားတယ်၊ ခုနှစ်ယောက်လောက် ကျတယ်လို့ သိရတယ်၊ စစ်တပ်ဘက်ကလည်း သေတာတွေရှိတယ် "
စစ်ကောင်စီထောက်ခံသူတွေကတော့ PDF ဘက်က ၁၄ ဦးသေဆုံးပြီး သေနတ်ခုနစ်လက် သိမ်းဆည်းရရှိတယ်လို့ အွန်လိုင်းစာမျက်နှာမှာ ပြောဆိုရေးသားနေကြပါတယ်။
ပုလောမြို့နယ်မှာ စက်တင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ရှစ်ရက်ကြာတိုက်ပွဲအတွင်း PDF ဘက်က ကိုးဦးသေဆုံးခဲ့သလို၊ အရပ်သားခြောက်ဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက္ကူး၊ ပြင်းဖြူနဲ့ မြတောင်ကျေးရွာတွေက နေအိမ် ၁၅ လုံးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က လက္ကူးဒေသခံ တစ်ရာခန့်ကို စစ်ကောင်စီတပ်က ပုလောမြို့ ခလရ ၂၈၅ ထဲကို ဖမ်းဆီးခေါ်ဆောင်ပြီး အဲဒီသူတွေကို တစ်ဦးငွေကျပ်ငါးသိန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း ဆိုပါတယ်။
လက္ကူး၊ ပြင်းဖြူ၊ ပိတပ်နဲ့ မြတောင်ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီထွက်ပြေးနေရပြီး ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
ပုလောက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ခုနစ်သောင်းခွဲကျော် (၇၅၂၀၀ ) ရှိနေပါတယ်။