ပုလောမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF ပစ်ခတ်၊ အရပ်သားတစ်ဦးသေဆုံး
2023.05.25
တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ကာကွယ်ရေးတပ်တွေ မေ ၂၄ ရက်နေ့က အပြန်အလှန်ပစ်ခတ်ကြချိန်မှာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
မကျည်းကုန်း ကျေးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဒေသခံကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ချိန်မှာ ခရီးသွားတွေ သေနတ်ထိမှန်တာလို့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့က ဆရာစံက ပြောပါတယ်။
"မကျည်းကုန်းဂိတ်ကို သွားပစ်တာ နှစ်ဘက်ပစ်နေတုန်း ဖြတ်သွားတဲ့ ခရီးသွားထဲက တစ်ယောက် သေနတ်မှန် ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်၊ ဘယ်ဘက်က ပစ်တာ ထိသွားတယ်ဆိုတာ မသိရဘူး။"
ပုလောမြို့၊ ပုလောကုန်းမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို အဲဒီ မေ ၂၄ ရက်ကပဲ ဒေသခံ ကာကွယ်ရေးတပ်တွေ၊ မဟာမိတ်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြပါသေးတယ်။
အဲဒီနေ့က အပစ်အခတ်တွေမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရ-မရ မသိရသေးဘူးလို့ ဆရာစံကပြောပါတယ်။
တစ်နေ့တည်းမှာပဲ ပလောက်မြို့အခြေစိုက် စစ်ကောင်စီရဲ့တန်းမြင့်စစ်အခြေခံသင်တန်းကျောင်း၊ တိုင်း ဗဟို ၂ က ထွက်လာတဲ့ယာဉ်တန်းကို နန်းပရုတ်ရွာမှာ ဒေသခံ ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က ဆယ်ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ဆရာစံက ခန့်မှန်းပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်း စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က မေးမြန်းဖို့ကြိုးစားပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။
ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ် ၁၁ ခု ချထားပါတယ်။ ပလောက်မြို့မှာ သုံးဂိတ်၊ ပုလောမြို့မှာ ငါးဂိတ်နဲ့ ပလမြို့မှာ သုံးဂိတ် ရှိပါတယ်။
ဒါ့အပြင် KNU ကရင် အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေနဲ့နီးတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ငါးဂိတ်ထပ်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။