ပလက်ဝမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး အပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

RFA Burmese
2024.02.12
ပလက်ဝမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး အပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ မတူပီမြို့နယ် ဝေးလူရွာအား စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က တွေ့ရစဉ်။
CDF Matupi

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ညနေလေးနာရီခန့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် ဒေသခံ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ကလည်း အသက်ရှစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ ဒေသခံတစ်ဦး နေရာမှာတင်သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့‌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ပလက်၀ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ တာ၀န်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိတာ မှန်ပေမယ့် သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

"ပလက်ဝမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်လို့ အရပ်သား နှစ်ဦးသေဆုံးတယ်ဆိုတာ ကျွန်တော်တို့လည်း ကြားရတယ်။ အတိကျကိုတော့ ဖုန်းလိုင်းတွေမရတော့ မသိသေးဘူး"

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော် (AA) က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တပ်သားတချို့ သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဇန်နဝါရီလ ၂၉ ရက်ကလည်း ပလက်ဝမြို့နယ် ဟုမ်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သား ခြောက်ဆယ်အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။