ပန်ဝါမြို့သိမ်းပိုက်ပြီးနောက် KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်က ပိတ်
2024.10.19
ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းယူပြီးနောက် ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၁၈ ရက် မနေ့ကစပြီး တရုတ်ဘက်က ပိတ်လိုက်တယ်လို့ နယ်စပ်ဒေသခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာပြောပါတယ်။
တရုတ်ဘက် ပိတ်လိုက်တဲ့ ဂိတ်တွေက KIA ဌာနချုပ် လိုင်ဇာအပါအဝင် မိုင်ဂျာယန်၊ လိုင်စင်နဲ့ ခါရှန်ဂိတ်တွေကို ပိတ်လိုက်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လိုင်ဇာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လိုင်ဇာမှာက ဒီနေ့ကစပြီး တရုတ်ဘက်က အဝင်တွေ အားလုံးပိတ်လိုက်ပြီး။ ဒီဘက်အခြမ်းက။ တရုတ်တွေကတော့ တရုတ်ပြည်ဘက်ကိုဝင်လို့ရတယ်။ မိုင်ဂျာယန်နဲ့ တခြားဂိတ်တွေလည်းပိတ်တယ်လို့သိရတယ်။ ကိုဗစ်ဖြစ်ပြီး နောက်ပိုင်း အခုလိုပိတ်တာက ပထမဆုံးပဲ။ အရင်ကတော့ စက်သုံးဆီတွေပိတ်တာတော့ရှိတယ်။ အခုလိုမျိုး အကုန်လုံးကို ပိတ်တာတော့ မရှိဘူး”
တရုတ်အာဏာပိုင်တွေရဲ့ နယ်စပ်ဂိတ်ပိတ်ကြောင်း ကြေညာချက်မှာတော့ အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ စစ်ဆေးရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့ ယာယီပိတ်ထားတယ်လို့ ဖော်ပြပါတယ်။
KIAနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရုတ်က KIA ခေါင်းဆောင်တွေကို ခေါ်တွေ့ပြီး နယ်စပ်တစ်လျှောက် တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးတာတွေရှိခဲ့တယ်လို့ပြောပါတယ်။
ဒီလို ဖိအားပေးနေတဲ့ကြားကပဲ KIA က ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ဌာနချုပ်ရှိတဲ့ ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ညက သိမ်းယူလိုက်တာပါ။
နယ်စပ်ပိတ်တာနဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ တရုတ်ဘက်က စာထုတ်ပြီး ပိတ်ထားတာရှိပေမယ့် လက်တွေ့မှာ ဘယ်လောက်ထိ ပိတ်ပင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ပြောပါတယ်။
“မနေ့ည ၁၂ နာရီအချိန်ကနေပြီးတော့ ယိန်းကျန်း အစိုးရကနေပြီးတော့ စာထုတ်ပြန်ထားတာကိုတွေ့ရပါတယ် တကယ်လက်တွေ့မှာ ဘယ်လောက်ထိ သူတို့ ပိတ်တယ်ဆိုတော့ကတော့ အခုထိတော့ ကျနော်လည်း ဘာမှ မမေးရ သေးပါဘူး။ စာကတော့ တွေ့ရပါတယ်”
KIA ထိန်းချုပ်ထားတဲ့ တရုတ် နယ်စပ်တစ်လျှောက်မှာ စစ်ဘေးဒုက္ခသည် လေးသောင်းခန့်နဲ့ ပြည်သူသောင်းနဲ့ချီရှိနေပြီး လိုအပ်တဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို တရုတ်ဘက်က တင်သွင်းနေကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း စတဲ့ တရုတ်နယ်စပ်ဂိတ်ငါးခုကိုလည်း ၁၀၂၇ ဒုတိယပိုင်းစတဲ့အချိန်မှာ တရုတ်ဘက်က ပိတ်ထားပါတယ်။